တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊တောင်သုံးလုံးရွာထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ဓမ္မာရုံ ပျက်စီးသွားကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၂၅ရက်)နံနက် ၈နာရီခန့်တွင် ထားဝယ်-ထီးခီးလမ်းမကြီးအနီးရှိ တောင်သုံးလုံးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း တောင်သုံးလုံးကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။
“ တောင်သုံးလုံးရွာက ရွာသားတစ်ဦး လက်နက်ကြီးစထိတာပါ။အသက်အန္တရာယ်တော့ မရှိပါဘူး။လက်ကိုပဲထိသွားတာ။အခု ဆေးကုသမှုခံယူနေပါတယ်” ဟု ၎င်းက ပြောသည်။
တောင်သုံးလုံးရွာနှင့် တစ်မိုင်ကျော်သာ ဝေးသည့် ကျောက်မဲတောင်ရဲစခန်းမှ လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
“ လက်နက်ကြီးက ၉လုံးပစ်တာ။ရွာထဲကို ၆ လုံးကျတယ်။ရွာအပြင်ကို ၃လုံးကျတယ်။အသံတွေကတော့ အကျယ်ကြီးပဲ။ရွာမှာ အသစ်ဆောက်ထားတဲ့ ဓမ္မာရုံပေါ်ကိုကျတာ ခေါင်မိုးတစ်ခြမ်းပွင့်ပြီး အုတ်နံရံတွေအက်သွားတယ်” ဟု ၎င်းက ပြောသည်။
ယင်း ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ထားဝယ်အရှေ့တောဒေသအခြေစိုက် PDFရဲဘော်တစ်ဦးအား မေးမြန်းရာ ၆၀(မမ)နှင့် ၁၂၀(မမ) လက်နက်ကြီးတို့ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခြင်းဖြစ်ကြောင်း MPAသို့ပြောသည်။
“ ထီးခီးတိုက်ပွဲမှာ စစ်တပ်က အထိနာထားလို့ ရွာကို မဲတာပါ။ဒီနေ့ရော မနေ့ညကရော ထားဝယ်-ထီးခီးလမ်းမှာ တိုက်ပွဲမရှိပါဘူး။ကျောက်မဲတောင်ရဲစခန်းကနေ ပစ်တာဆိုတော့ စစ်တပ်ဘက်က စစ်ကူတွေထပ်ရောက်လာတာထင်တယ်။တိုက်ပွဲက ပြန်ဖြစ်ဦးမယ့် သဘောပေါ့” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ၁၆ရက်နေ့မှ ၂၂ရက်နေ့အထိ ထားဝယ်မြို့နယ်၊အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်ရင်းမှူးတစ်ဦးအပါ စစ်သား ၃၀ကျော်သေဆုံးခဲ့ကာ စစ်ကား ၁၂စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံက သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရ အရေအတွက်ကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။