စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းဖြစ်သည့် ရန်ကုန်-မြ၀တီ ကားခစျေးနှုန်းသည် ခရီးသည်တစ်ဦးလျှင် ကျပ် ၂သိန်းခွဲအအထိ စျေးပေါက်နေကြောင်း ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ ရန်ကုန်မှ မြ၀တီမြို့သို့ ကားခစစျေးနှုန်းသည် အနည်းဆုံး ကျပ် ၆သောင်းကျော်မှ အမြင့်ဆုံး ၂သိန်းခွဲဝန်ကျင်းအထိ ရှိနေခြင်းဖြစ်သည်။
ထို့ပြင် ကားခစျေးနှုန်းသတ်မှတ်ချက်သည် ကိုင်ဆောင်ထားသည့် မှတ်ပုံတင်နှင့် အသက်အရွယ်လိုက်ကာ ကွဲပြားမှုရှိပြီး နေ့ချင်းရောက်သည့် ခရီးလမ်းနှင့် တစ်ညအိပ်ခရီးလမ်းများရှိခြင်းကြောင့် စျေးနှုန်းသတ်မှတ်ချက် များကွဲပြားမှုရှိနေခြင်းဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးကဆိုသည်။
“ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင် ပြီးရင် အသက်၊ နောက်ပြီး နေ့ချင်းအရောက် လမ်းနဲ့ နေ့ချင်းမရောက်တဲ့လမ်းနဲ့ ဈေးတွေက အစားစားကွာသွားတယ်။ မှတ်ပုံတင်က ၅/၁၂/၁၄/၁၂/ ဆိုရင် ပြသနာရှိတယ်။ အဲ့ဒီဘက်ကနေ စစ်မှုထမ်းရမှာစိုးလို့ ရှောင်တဲ့သူများတာကို၊ အဲ့ဒီမှတ်ပုံတင်နဲ့ နေ့ချင်းအရောက်လမ်းဆိုရင်တော့ တစ်ယောက်ကို ၂ သိန်းခွဲဝန်းကျင်လောက်တော့ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ရန်ကုန်-မြဝတီ ခရီးလမ်းအား ခရီးသည်တင် Express ကားများအပြင် ၄ ယောက်စီးရသည့် အိမ်စီးကားများဖြင့်လည်း သွားလာနိုင်ပြီး အိမ်စီးကားများစီးလျှင် ကားခပိုမိုကုန်ကျမှုများရှိကြောင်းလည်း သိရှိရသည်။
“ ကျမ မြဝတီသွားဖို့ရှိလို့ တစ်နေ့က ကားခ စုံစမ်းတာ နယူးမြတ်သစ်စ ကားလိုင်းက ဘယ်ခရီးဆင်းဆင်း တစ်ယောက် ၆ သောင်းပြောတယ်။ တောလမ်းသွားရလို့ဆိုပြီး။ နောက် ပွင့်သစ်စရတနာ(Express ကား) ဂိတ်ကို မေးတော့ တစ်ရက်ခရီးမဟုတ်လို့ တစ်ယောက် ၆ သောင်း ၅ ထောင် ကျမယ်တဲ့။ အာရှလမ်းပိတ်ကတည်းက ကားခတွေ အရမ်း တက်လာပြီး လမ်းခရီးလည်း အရမ်းဆိုးတယ်ကြားလို့ ခရီးသွားဖို့ကို တော်တော်စဉ်းစားနေရတယ်။” ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကဆိုသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပိတ်ထားသဖြင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးလမ်းကြောင်းကို မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းနှင့် ကြက်ဥတောင် တောလမ်းတို့အား ပြောင်းလဲအသုံးပြုသွားလာနေရခြင်းဖြစ်သည်။
မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းတွင် နေ့စဉ်ကားအသွားအလာများပြားပြီး လမ်းပျက်စီးမှု၊ လမ်းခရီးကြမ်းတမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်တိမ်းမှောက်မှုများကြောင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာမှုကို သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများက အတက်၊ အဆင်း တစ်ရက်စီသတ်မှတ်ပေးထားကာ ကြက်ဥတောင်လမ်းသည် အနည်းငယ် မတ်စောက်သော်လည်း အတက်၊ အဆင်း သီးသန့် သတ်မှတ်ထားခြင်း မရှိသကဲ့သို့ အချိန်ကန့်သတ်ထားခြင်းလည်း မရှိသဖြင့် သွားလာရ ပိုမိုအဆင်ပြေကြောင်းလည်း သိရှိရသည်။
” ထို့ကော်ထိုးလမ်းကြောင်းက သိပ်အဆင်မပြေဘူး သွားရတာ။ ကုန်းတက်၊ ကုန်းဆင်းများတယ်။ ချောင်းတွေကိုဖြတ်ရတယ်။ တအားဆိုးတယ် ” ဟု မော်လမြိုင်မြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကဆိုသည်။
ထို့အပြင် ကြက်ဥတောင်လမ်းအား အသုံးပြုခရီးသွားလာသူများအနေဖြင့် ရန်ကုန်မှ မြဝတီသို့ နေ့ချင်းပြန်ရောက်ရှိနိုင်ပြီး မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းအား အသုံးပြုခရီးသွားသူများအနေဖြင့် ရန်ကုန်မှ မြဝတီသို့ ရောက်ရှိနိုင်ရန် လမ်းတွင် တစ်ညအိပ်ရကြောင်းလည်း သိရသည်။
တိုက်ပွဲအခြေအနေများကြောင့် မြဝတီ – ကော့ကရိတ် အာရှကုန်သွယ်ရေး လမ်းမကြီးကို ခရီးသွားလာခွင့်ပိတ်ပင်ထားသည်မှာ အချိန် ၃ လနီးပါးကြာမြင့်နေပြီဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့အထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။