ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် စစ်ရေးငြိမ်သက်နေသော်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် နေစဉ်ပစ်ခတ်နေတာကြောင့် စစ်ရှောင်ပြည်သူအများစု နေရပ်သို့မပြန်ရဲဖြစ်နေကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ရက်မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲံဝင်များကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် မြို့ပေါ်ရပ်ကွက်နှင့် ကင်းမွန်ချုံ၊ နတ်ရွာ၊ လယ်ကလေးစသည့် ကျေးရွာများအပြင် ရွာအများအပြားမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
“၁၀ရက်နေ့လောက်တည်းက တိုက်ပွဲပြန်ငြိမ်သွားတယ် စစ်သားတွေမြို့ကိုပြန်စီးထားတာ အခုချိန်ထိပဲ၊ သူတို့(စစ်ကောင်စီ)ပြန်ခေါ်တယ်။ အန်တီတို့ပြန်မသွားရဲဘူး၊ ညဘက်ဆိုလက်နက်ကြီးတွေနဲ့ပစ်နေတာ၊ အသက်ထက်ဘာမှ အရေးမကြီးတော့ မပြန်ရဲဘူး၊ ပစွည်းတွေအကုန်ထားခဲ့ပြီး ထွက်လာရတာ၊ အခုရက်၂၀ပြည့်တော့မယ်ထင်တယ် အန်တီတို့ထွက်လာရတာ”ဟု စစ်ရှောင်နေရသည့် အသက် ၅၀အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ဇရပ်ကြီးမြို့ရှိ ကျေးရွာအချို့မှ ပြည်သူများသည် နေအိမ်များကို ပြန်လည်ပြီး ပဲရိတ်သိမ်းနေကြသော်လည်း မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူအများစုသည် မပြန်ရဲသေးကြောင်း အသက် ၄၀ အရွယ်ရှိ ကုန်ခြောက်ပစ္စည်းရောင်းချသည့် ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကပြောသည်။
“ရွာက လူတွေကတော့ ပြန်ကြတယ်၊ ဒီချိန်က ပဲရိတ်ချိန်ဆိုတော့ ပဲပြန်ရိတ်ကြတာ၊ တစ်ချို့ကတော့ကြောက်လို့ပြန်မရိတ်ကြဘူး။ မြို့ပေါ်ကလူတွေတော်တော်များများကမပြန်ရဲကြဘူး။ ဒီတိုင်းအိမ်ပိတ်ပြီးထားခဲ့ကြရတာ၊ သူခိုးတွေလည်းတော်တော် များတယ်ပြောတယ်။ အိမ်တွေ၊ ဆိုင်တွေဖောက်ခိုးနေကြတာ၊ မနေ့က(ဖေဖေါ်ဝါရီလ ၂၃)တော့ ဈေးလည်းမီးလောင်ပြီးပြာကျသွားပြီ၊ လေးလေးတို့ဆိုင်လည်းပါသွားတယ်၊ ပြန်မကြည်ရဲလို့ အခုထိ သွားမကြည့်ရသေးဘူး”ဟု ၎င်းကဆိုသည်။
လက်ရှိတွင်လည်း ဇရပ်ကြီးမြို့မှ စစ်ဘေးရှောင်လာရသည့် ပြည်သူများသည် ရက်ရှည်ကြာလာသဖြင့် စားဝတ်နေရေးအတွက် ခက်ခဲလာကြောင်း စစ်ရှောင်များကို ကူညီပံ့ပိုးပေးနေသူတစ်ဦးက ပြောသည်။
“အရင်က တော့ တစ်သောင်းကျော်လောက်ရှိတယ်။ အခုတော့ နည်းနည်းလျော့သွားပြီ၊ ပဲကိုင်းပြန်သိမ်းတဲ့သူတွေ၊ သူခိုးတွေတစ်အားများလာလို့ အိမ်စောင့်တစ်ယောက်လောက်ပြန်ကြတယ် အကုန်တော့မပြန်ရဲကြဘူး။တောင်ငူမြို့ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေး အဆောက်အဦးတွေမှာ ခွဲပြီးထားရတယ်။ တစ်ချို့တတ်နိုင်တဲ့သူတွေကတော့အိမ်ငှားနေရတာပေါ့၊ ရက်ကြာလာတော့လည်းအလှူရှင်ကရှားလာတယ်၊ အဓိကလိုအပ်တာတော့ ဆန်၊ ဆီ၊ ငါးခြောက်၊ ဆေးဝါးပစ္စည်းတွေပေါ့၊ အလှူရှင်တွေလည်းလာလှူကြဖို့ဖိတ်ခေါ်ပါတယ်“ဟု ၎င်းက တိုက်တွန်းပြောသည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်တွင်လည်း ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ လဆန်းပိုင်းက တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် ယနေ့အချိန်ထိ စစ်ရှောင်ပြည်သူများနေရပ်မပြန်ရသေးကြောင်းသိရသည်။