ကျောက်မဲ – သီပေါလမ်းပိုင်းမှ မိုင်းခွဲခံရသည့် ကျင်သီတံတားကို ယခုအချိန်ထိ ပြင်ဆင်ခြင်းမရှိသဖြင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်၃ဖွဲ့၏ ၁၀၂၇စစ်ဆင်ရေးအတွင်း သီပေါ-ကျောက်မဲလမ်းပိုင်းကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက ပြောသည်။
“ ကျင်သီတံတားက အခုထိ မပြင်ရသေးဘူး။အဲ့တော့ ဒေသခံတွေအနေနဲ့ သီပေါ၊နမ္မချောင်းပေါ်က စဉ့်အင် ယာယီတံတားပေါ်က သွားနေရတာ။၈တန်အထိပဲ နိုင်တဲ့တံတားပေါ့။သီပေါက ကွန်ခိုက်ရွာနားမှာရှိတယ်။အဲ့ကသွားရတာ။ကုန်တွေပို့တဲ့အခါ ကားဌားရတဲ့အပြင် လမ်းတွေပျက်နေလို့ ရှောင်မောင်းရတော့ အမြတ်က ဘာမှမကျန်တော့ဘူး” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ကျင်သီတံတားဘေးတွင် ဘေလီတံတားထိုးနေပြီဆိုသော သတင်းအမှား လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေကြောင်း လားရှိုးမြို့နေ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။
“ ကျင်သီတံတားက ပြင်တာလည်းမရှိသလို ဘေလီတံတားလည်း မထိုးပါဘူး။အခုက ဒေသထွက်သီးနှံတွေ သယ်တဲ့အခါ ကုန်ကျစရိတ်အရမ်းများလို့ လုပ်ငန်းရှင်တွေပေါင်းပြီး ကုန်ကျစရိတ်သက်သာအောင် သယ်ယူပို့ဆောင်ရေးခါးပတ်စက် ဆင်နေကြတာပါ။အခုလည်းအဲ့ဒါလုပ်တာကို ဘေလီတံတားထိုးတယ်ဆိုပြီးတင်နေကြတော့ လာသမျှကားတွေ လှည့်ပြန်နေရတာပေါ့” ဟု ၎င်းက ပြောသည်။
ဒေသခံများမှာ ကျင်သီတံတားဘေးတွင် ကိုယ်ထူကိုယ်ထ ဝါးတံတားထိုးကာ ဖြတ်သန်းသွားလာနေရကြောင်း သီပေါမြို့ခံက ပြောသည်။
“ အခုက ကျင်သီတံတားဘေးမှာ ဝါတံတားရှိတယ်။ဆိုင်ကယ်ပဲ ဖြတ်လို့ရတယ်။သတိထားပြီး သွားရတာပေါ့။အခုက ပြောင်းဖူးတွေသယ်လို့ရအောင် ခါးပတ်စက်ဆင်နေကြတယ်။စဉ့်အင်တံတားကလည်း ယာယီတံတားပဲ။ကားတစ်စီးစီးက လမ်းချော်သွားရင်လမ်းပိတ်ပြီ။မန္တလေးသွားချင်ရင်တော့ ကျင်သီတံတားနားအထိသွား။လူပဲ ချောင်းကို ဖြတ်ကူးရတယ်။တစ်ဖက်ကမ်းရောက်ရင် တစ်ယောက် ၂သောင်းနဲ့ အံစာတုံးကားတွေရှိတယ်။ပစ္စည်းပါရင် အနည်း၊အများကြည့်ပြီး ထပ်ပေးရတယ်။အဲ့ဒါအတန်ဆုံးပဲ” ဟု ၎င်းက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သီပေါမြို့နယ်၊ ကျောက်မဲ-သီပေါကြားရှိ ကျင်သီတံတား၊သီပေါ-လားရှိုးကြားရှိ စဉ့်အင်တံတားနှင့် သီပေါ-နမ္မတူကြားရှိ မိုးတေတံတားတို့ မိုင်းခွဲခံရပြီး ယခုအချိန်ထိပြန်မပြင်သေးပေ။