လက်နက်ဖြင့် အလင်းဝင်လာသော စစ်အုပ်စုဝင်များကို သေနတ်အမျိုးအစားအပေါ်မူတည်ကာ ကျပ်သိန်း၁၄၀အထိ ဆုချီးမြှင့်မည်ဖြစ်ကြောင်း သာယာဝတီခရိုင်-၃၈၀၂၊တပ်ခွဲ-၄(မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို)က ထုတ်ပြန်လိုက်သည်။
အလင်းဝင်လာသော စစ်သား၊ရဲနှင့်ပျူစောထီးတို့တွင် စက်လတ်သေနတ်တစ်လက်ပါလာပါက ကျပ်သိန်း၁၄၀၊ AK47တစ်လက် ကျပ် သိန်း ၁၁၀၊ G3-တစ်လက် ကျပ် သိန်း ၁၀၀၊ MA-3တစ်လက် ကျပ်သိန်း၁၀၀၊ MA1 တစ်လက်ကျပ် သိန်း၈၀နှင့် ပစ္စတိုတစ်လက် ကျပ်သိန်း၃၀ ချီးမြှင့်ကာ လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သာယာဝတီခရိုင်-၃၈၀၂၊တပ်ခွဲ-၄ က ထုတ်ပြန်သည်။
“ဆုငွေက ထုတ်ပြန်ထားတဲ့အတိုင်း တကယ်ဝင်လာရင် တကယ်ပေးမှာပါ။ရက်ရက်ရောရော အလှူငွေထည့်ဝင်ပေးမယ့် ပြည်သူတွေရှိပါတယ်။ဝယ်မှရမယ့် လက်နက်ကို သူတို့များ အလင်းဝင်လာမလားဆိုပြီး သူတို့လည်း အဆင်ပြေ၊ကိုယ်လည်း လိုအပ်ချက်ပြည့် ဆိုသလို စဥ်းစားချက်နဲ့ အခုလိုထုတ်ပြန်ဖိတ်ခေါ်ခဲ့တာပါ။ဒီနေ့ထိတော့ စခန်းကို အလင်းဝင်လာသူမရှိသေးပါဘူး။ကျနော်တို့ဘက်က ဆက်သွယ်ရေးအားနည်းတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေရင်ဆိုင်နေရတာနဲ့ကြုံနေတာနဲ့တိုက်ဆိုင်နေလို့ပါ”ဟု သာယာဝတီခရိုင်-၃၈၀၂၊တပ်ခွဲ-၄ မှ တပ်ခွဲမှူးရဲဘော်ဒေဝ ကပြောသည်။
သာယာဝတီခရိုင်-၃၈၀၂၊တပ်ခွဲ-၄ ထံသို့ အလင်းဝင်လာသူများ မရှိသေးသော်လည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အုတ်ဖိုမြို့နယ်၌ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် စစ်တပ်က ပြည်သူများကို မဲနှိုက်ရွေးချယ်နေစဉ် ဒေသခံလူငယ်များ PDF ထဲသို့ ဝင်ရောက်လာခဲ့ကြောင်းသိရသည်။
“စစ်ကောင်စီကိုအပြီးသတ်ချေမှုန်းချင်လို့ PDF ထဲကိုဝင်ခဲ့တာပါ။မိန်းကလေးတစ်ယောက်အနေနဲ့လက်နက်ကိုင်တော်လှန်ရေးဟာ ကြမ်းတမ်းမယ်ဆိုတွေးပြီးသားပါ။ဒါပေမဲ့ အမှန်တရားကို လက်နက်ကိုင်ပြီးတိုက်မှ အောင်မြင်မယ်လို့ ယူဆတဲ့အတွက် သင်တန်းကာလ ၂၁ ရက်ကို အားတင်ပြီး တက်ခဲ့ရပါတယ်”ဟု PDFရဲမေ ပပ ကပြောသည်။
၂၀၂၄ ခုနှစ် ၊ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကိုထုတ်ပြန်ပြီးနောက် တစ်နေ့လျှင် လူငယ် ၁၂ ဦး အနည်းဆုံးဆက်သွယ်မှုရှိခဲ့ကြောင်းသိရသည်။
“စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်မပေါ်ရေးအတွက် ယောကျ်ားလေးရော မိန်းကလေးရော နီစပ်ရာ PDF တပ်ဖွဲ့များကို ဆက်သွယ်ဝင်ရောက်ကြပါ။စစ်ကောင်စီကို ညီမတို့နဲ့အတူတူ အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ နွေးထွေးစွာလက်ကမ်းကြိုဆိုနေပါတယ်”၎င်းကပြောသည်။
၂၀၂၃ ခုနှစ်အတွင်း သာယာဝတီခရိုင်-၃၈၀၂၊တပ်ခွဲ-၄ ထံသို့ အလင်းဝင်ရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် မိသားစု ၄ စုအထိရှိခဲ့သော်လည်း စစ်ရေးလှုပ်ရှားမှုများရှိသဖြင့် ထိရောက်စွာမဆက်သွယ်နိုင်ခဲ့သောကြောင့် နယ်ပြောင်းရွှေ့ရာ၌ ပါသွားကြောင်းသိရသည်။