မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ ဒေသခံများထံက စစ်တပ်က ခေတ်အဆက်ဆက် မတရားသိမ်းယူခဲ့သော မြေယာများနှင့် စစ်ကောင်စီထောက်တိုင်များ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းသွားမည်ဟု ဆောမြို့နယ်ဒေသကာကွယ်ရေးတပ်ရင်း ၂ရင်းဖြစ်သည့် ဂန့်ဂေါခရိုင်တပ်ရင်း ၃နှင့် တပ်ရင်း ၅က ဖေဖော်ဝါရီ ၂၃ရက်တွင် ပူးတွဲထုတ်ပြန်ထားသည်။
ဆောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မင်းအောင်လှိုင် အာဏာမသိမ်းမီအချိန်ကစ၍ စစ်ကောင်စီ၏ နယ်မြေစိုးရေးအကြောင်းပြ၍ ခေတ်အဆက်ဆက် မြေယာများ မတရားသိမ်းယူခြင်းကိုခံခဲ့ရပြီး ယခုတော်လှန်ရေးကာလတွင် ပြန်လည်ထိန်းသိမ်းသွားရခြင်းဖြစ်သည်ဟု ဂန့်ဂေါခရိုင်အမှတ်(၃)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက MPAကိုပြောသည်။
“ ဦးသန်းရွှေလက်ထက်လောက်ကတည်းကနေ မတရားယူတယ်။ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ အရင်ကယူထားတဲ့ မြေယာတွေကို ခံလိုက်ရတဲ့ပြည်သူတွေက ဒီအချိန်မှာတော့ ပြန်ယူလို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့။ အဲ့ဒါကြောင့်မလို့ လုပ်တာပါ။ ထိန်းသိမ်းသွားမယ်ဆိုတဲ့အပိုင်းမှာက ကျတော်တို့မူလပိုင်ရှင်တွေကို ပြန်ပေးမယ်။ မူလပိုင်ရှင်က တော်လှန်ရေးမှာ အသုံးပြုပါလို့ပြောလို့ရှိရင် ကျတော်တို့သက်ဆိုင်ရာ ကွပ်ကဲရေးအဆင့်ဆင့်နဲ့ တိုင်ပင်ပြီးတော့ ဆက်လုပ်သွားမှာပါ “ ဟု ၎င်းကပြောသည်။
ဆောမြို့နယ်တွင် စစ်ကောင်စီနှင့်အပေါင်းအပါများ၏ မတရားသိမ်းယူခြင်းခံခဲ့ရသည့် မြေယာများစွာရှိပြီး ယခုအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးလွှမ်းခြုံထားနိုင်သည့်ဒေသများမှ သိမ်းဆည်းခံရသည့်မြေယာများကို ရသလောက်ပြန်လည်ထိန်းသိမ်းသွားမည်ဟုဆိုသည်။
“ ဆောမြို့နယ်(၈၀)ရာခိုင်နှုန်းလောက်က ကိုယ့်ဘက်တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားနိုင်ပြီဗျ။ စစ်တပ်က မြို့ပေါ်နေရာတွေလောက်ပဲ ထိန်းချုပ်ထားနိုင်တဲ့အနေအထားပါ” ဟု ဆောမြို့ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
ယင်းအပြင် ဆောမြို့နယ်အတွင်းမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သော စစ်ကောင်စီထောက်တိုင်များ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများအားလုံးကိုလည်း တော်လှန်ရေးအဖွဲ့များက ဆက်လက်ထိန်းသိမ်းသွားမည်ဟု စုံစမ်းသိရှိရသည်။