မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ပေးသော ဝန်ဆောင်ခမှာ ကျပ်သိန်း၅၀ အထိ ဈေးပေါက်နေကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဟုဆိုသော အဓမ္မစစ်သားစုဆောင်းရေးဥပဒေ ထွက်ပေါ်လာသည့် ဖေဖေါ် ဝါရီ၁၀ရက်နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသူ များပြားလာခြင်းနှင့် ထိုင်း-မြန်မာနယ်စပ်၌ ထိုင်းအာဏာပိုင်တို့က တရားမဝင် ခိုးဝင်လာသူများကို အဖမ်းအဆီးများလာခြင်းတို့ကြောင့် ဝန် ဆောင်ခမြင့်တက်လာခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့သားအချို့ထံက သိရသည်။
“သိန်း၅၀ ဆိုတာ ကားနဲ့ အိမ်တိုင်ရာရောက်လာခေါ်ပေးတယ်။အခု အဖမ်းအဆီးများနေလို့ လမ်းမှာ ၁၀ရက်၊၁၅ရက်လည်း ကြာနိုင်တယ်။သိန်း ၅၀ ဆိုတာက ထိုင်းနိုင်ငံအရောက်ပဲရှိတယ်။အလုပ်ရဖို့ က ကိုယ့်ဘာသာ ဟိုရောက်ရင်ချိတ်ပဲ”ဟု ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်နေ ပွဲစားအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဖေဖေါ်ဝါရီ၁၀ရက်နေ့မတိုင်ခင်က ထိုင်းသို့အရောက် ကျပ်၁၀သိန်းနှင့် ထိုင်းတွင် အလုပ်ပါ တန်းရ လိုပါက ကျပ်သိန်း၂၀ ပေါက်ဈေးရှိကြောင်းယင်းဝန်ဆောင်ခမှာလည်း ထိုင်းသို့ တရားမဝင်ပို့ဆောင်မှု ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့မွန်ပြည်နယ်ဘက်က အရင်ကတည်းက ခိုးလမ်းလို့ ခေါ်တဲ့ အောက်လမ်းကနေပဲ တရား မဝင်သွားအလုပ်လုပ်တာများတယ်။NLD အစိုးရလက်ထက်မှာပဲ တရားဝင်သွား အလုပ်လုပ်တာ ရှိ လာတာ။အခုကတော့ စစ်ထဲသွင်းမယ့်ဥပဒေကြောင့် ကျနော်တို့ဆီက လူငယ်တွေ တော်တော်သွား နေကြတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်၁၈နှစ်ပြည့်ပြီးသော လူငယ်များစွာမှာ ချေးဌားပေါင်နှံကာ ထိုင်း သို့ ပွဲစားများဖြင့် ခိုးလမ်းမှ သွားနေကြောင်း ချောင်းဆုံမြို့နယ်၊မုရစ်ကြီးရွာသားတစ်ဦးကပြောသည်။
“ဘယ်သူမှ စစ်ထဲဝင်ပြီး အသေမခံနိုင်ဘူး။အခုကယ်ရီခ(ပွဲစားခ)က ထောင်တက်သွားပေမဲ့ မိဘတွေ က ကိုယ့်သား အသေမခံနိုင်တော့ မရှိတဲ့သူလည်း ပေါင်နှံပြီး ပို့ကြတာပဲ။ကျနော်တို့ဒေသက ထိုင်းကို အစဉ်အဆက်သွားနေတာ နှစ်တော်တော်ကြာပြီဆိုတော့ ဟိုမှာ လူခံရှိကြတယ်”ဟု ၎င်းက ပြောသည်။
အခြေခံပညာအထက်တန်းတက်နေသော အသက်၁၈နှစ်ပြည့်ပြီး လူငယ်များသည်လည်း စာမေးပွဲမ ဖြေတော့ဘဲ ထိုင်းသို့ သွားနေကြကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိလုပ်နိုင်ကိုင်နိုင်အရွယ် ပြည်သူအများစုသည် ၁၉၉၀ပြည့်နှစ်ဝန်းကျင်မှစတင်ကာ ယနေ့ထိတိုင် ထိုင်း နိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်ကြကြောင်း သိရသည်။