မန္တလေးမြို့တွင် ဝါများဈေးကောင်းရရှိနေသော်လည်း ကုန်ကြမ်းရှားပါးမှုနှင့် တင်ပို့မှုလမ်းကြောင်းများပိတ်နေသည့် အခြေအနေများကြောင့် ဝါးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ကိုင်ရခက်ခဲနေကြောင်း စက်ပိုင်များထံက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့်နှစ်က ဝါအခြောက်တစ်ပိဿာလျှင် အများဆုံး ကျပ် ၃၃၀၀ သာရရှိခဲ့သော်လည်း ယခုနှစ်တွင် ဝါအခြောက်တစ်ပိဿာ ကျပ် ၄၀၀၀ ဝန်းကျင် ဈေးပေါက်နေခြင်းဖြစ်သည်။
“ ဝါစျေးတွေက ဒီနှစ်အရည်သွေးပေါ်မူတည်ပြီး စျေးကွာဟမှုတော့ ရှိတယ်။ A/ B အဆင့်မီဝါက စျေးတအား ကောင်းတယ်။ ဒီနှစ်က နောက်မိုးများတော့ ဝါထွက်နှုန်းထက်ဝက်မကလျော့တယ်။ နောက်ပြီးထွက်လာတဲ့ ဝါကလဲ အရည်အသွေးမမီတာကများတော့ အရည်သွေးမီ A/ B အဆင့်ဝါစျေးက တစ်ပိဿာ 3700/ 3800/ 3900 အထိ ဈေးရတယ်” ဟု မန္တလေးမြို့ရှိ ဝါစက်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ဝါစိုက်ပျိုးမှုများသည့် မြင်းခြံ၊ ဝမ်းတွင်း၊ တောင်တွင်းကြီး၊ နတ်မောက်၊ အောင်လံနှင့် မင်းလှမြို့များရှိ ဝါစိုက်တောင်သူများအနေဖြင့် မိုးနှောင်းကာလတွင် ဝါများကောက်သိမ်းကာ မန္တလေးမြို့ရှိ ဝါစက်လုပ်ငန်းလုပ်ကိုင်သူများထံသို့ ဆက်သွယ်ရောင်းချလေ့ရှိကြောင်း သိရသည်။
“ ဒီနှစ်စက်ပိုင်တွေ ကုန်ကြမ်းမပေါတော့လုပ်ရကိုင်ရ အခက်ခဲဆုံးနှစ်လို့ ပြောရမှာပေါ့။ ဝယ်ပြီးမရောင်းပဲထားနိုင်တဲ့ စက်ပိုင်အနည်းစုကတော့ ဂွမ်းစျေးတတ်မှရောင်းကြတယ်။ ထားရောင်းတဲ့သူကတော့မဆိုးဘူးပြောရမှာပေါ့။ ကျန်အများစုဝယ်/ရောင်းလုပ်ရတဲ့ စက်ပိုင်တွေကတော့ အရင်းနဲ့ပါးပါးကပ်ကပ် အလုပ်သမားအလုပ်ရှိရေးလုပ်နေရတာပေါ့” ဟု အထက်ပါ ဝါစက်ပိုင်ရှင်က ရှင်းပြသည်။
ဝါသီးနှံမှ ဝါကုန်ကြမ်းအပြင် ဂွမ်း၊ ဝါစေ့ဆီ၊ ဝါစေ့နှင့် ဝါစေ့ဖက်တို့ရရှိပြီး ဝါစက်လုပ်ငန်းအနေဖြင့် ဝါကုန်ကြမ်း ၃ ပိဿာကြိတ်လျှင် ဂွမ်း ၁ ပိဿာနှင့် ဝါစေ့ သုံးပုံနှစ်ပုံခန့်ထွက်ရှိကာ ဝါစေ့ဆီ ထုတ်လုပ်မှုအနေဖြင့် ဝါစေ့ ပိဿာ ၁၀၀ ကြိတ်လျှင် ဝါစေ့ဆီ ၁၀ ပိဿာ ၁၂ ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။
“ ဈေးကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ နယ်အလိုက်ကွာတယ်။ ဝါဈေးတက်တော့ ဂွမ်းဈေးလဲကွာတယ်လေ။ ဂွမ်းဈေးက တစ်ပိဿာ ၁ သောင်းနီးပါးရတယ်။ မနှစ်က ဂွမ်းဈေးက အဲလောက်မှမရှိတာ။ အခက်အခဲအနေနဲ့ကတော့ တရုတ်လမ်းကြောင်း ပိတ်ထားတော့ အရောင်းဝယ်သိပ်မသွက်ဘူး” ဟု မန္တလေးမြို့ရှိ ဝါစက်ပိုင်ရှင်မနှင်းနှင်းအောင်က ဆိုသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့်ဝါများကို တရုတ်နိုင်ငံသို့ အဓိကပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်မှတဆင့် ကြံ၊ ရာဘာ၊ ဝါဂွမ်းနှင့် လျှော်ဖြူတို့အား ပြန်လည်တင်သွင်းခွင့် ပြုထားကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အနေဖြင့် မန္တလေးတိုင်းနှင့် နိုင်ငံပိုင်ချည်မျှင် အထည်စက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဝါသီးနှံကို မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းဟူ၍ စိုက်ပျိုးကြကာ ဝါပင်များကို ဝါသီးသီးသည်အထိ ရက်ပေါင်း ၂ဝဝ ခန့်ကြာအောင် ပြုစုပျိုးထောင်ကြရပြီး ဝါတစ်ပင်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ဝါကောက်ရကြောင်း ဝါစိုက်တောင်သူများဆိုသည်။
ဝါသီးနှံမှထွက်သည့် ဝါဂွမ်းသည် လူသုံးပစ္စည်း အမြောက်အမြားပြုလုပ်ရန် အသုံးဝင်ပြီး ထိုမှတစ်ဆင့်အဝတ်အစားနှင့် အိပ်ရာခင်း၊ ခြင်ထောင်စသော အိမ်သုံးအထည်အလိပ်အမျိုးမျိုးကို ရက်လုပ်နိုင်သည့်အပြင် တိပ် (ခေါ် ) ကော်ပါသော ကြိုးအမျိုးမျိုး၊ ပတ်တီး၊ စာအုပ်ချုပ်ရန် ပိတ်စ၊ စသည့် အသုံးအဆောင်ပစ္စည်းအမျိုးမျိူးကိုလည်းရရှိနိုင်သေးသည်။