စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ကံထူးမရွာ ကို စစ်တပ်က မီးတင်ရှို့နေကြာင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၂၃ရက်) ညနေ ၆နာရီမှစတင်ကာ မီးရှို့နေခြင်းဖြစ်ပြီး အိမ်မည်မျှ မီးလောင်သွား သလဲဆိုသည်ကိုမူ မသိရသေးပေ။
” အခုက ရွာကို မီးရှို့နေတာ မီးခိုးလုံးကြီးတွေ တက်နေတာ အဝေးကနေကို မြင်ရတယ်။ ပြာတွေလည်း လွှင့်စင်နေတာ။ မီးခိုးလုံးတွေက အကြီးကြီးတွေပဲ” ဟု ကံထူးမရွာသားတစ်ဦးကပြော သည်။
ကံထူးမရွာ၏ အနောက်ထွက် သုသာန်အနီး၊ တောင်ဘက် ဘောလုံးအားကစားကွင်းအနီး နှင့် ရွာမြောက်ဘက်တို့တွင် စစ်တပ်က မီးတင်ရှို့နေကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၁ရက်တွင် ကံထူးမရွာသို့ ခမရ -၇၀၈ တပ်ရင်းလက်အောက်ခံ ခွေးဘီလူးစစ်ကြောင်း ဝင်ရောက်တပ်စွဲပြီးနောက် ကံထူးမရွာအပါအဝင် အနီးဝန်းကျင်ရှိ ရွာ၁၈ရွာမှ ဒေသခံ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။
” အိမ်ကို လိုအပ်တဲ့ ပစ္စည်းဝင်လာယူတာလည်း သူခိုးတစ်ယောက် ခိုးနေရသလိုပဲ အဆင်မပြေဘူး။ခွေးတွေကလည်း ကံထူးမကနေကို မထွက်သေးဘူး။ တစ်ရက်မဟုတ်တော့ အဆင်မပြေတော့ဘူး” ဟု လယ်မရွာသားစစ်ရှောင်တစ်ဦးကပြောသည်။
ဖေဖေါ်ဝါရီ၂၁ရက် နံနက်ပိုင်းတွင် ကံထူးမနယ်မြေရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်လျက်ရှိပြီး ယနေ့ နံနက် ၈နာရီအထိ PDF ရှိမည်ထင်သော နေရာများကို လေကြောင်းမှ ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ယနေ့ညနေ ၆နာရီခွဲကျော်အထိ ကံထူးမရွာ၌ မီးလောင်နေသည်ကို အဝေးမှ လှမ်းမြင်ရဆဲဖြစ် ကြောင်း ကံထူးမရွာသားကဆိုသည်။
ကံထူးမရွာတွင် အိမ်ထောင်စု ၂၁၂၁စု ရှိကြောင်း ၂၀၁၄ခုနှစ်သန်းခေါင်စာရင်း၌ ဖော်ပြထားသည်။