ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့လယ်ခေါင်ရှိ ပိတ်သိမ်းထားသည့်ဈေး မီးလောင်ပြီး ဆိုင်ခန်း ၈၀ ကျော် နှင့် နေအိမ် ၃ လုံး မီးလောင်ဆုံးရှူံးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါဈေးသည် ဖေဖော်ဝါရီ ၂၃ ရက်၊ နေ့လည် ၂ နာရီကျော်ကစတင်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြို့တွင်မီးသတ်ကားများမရှိခြင်းကြောင့် အချိန်မီ မီးငြိမ်းသတ်နိုင်ခြင်းမရှိခဲ့ကြောင်း အသက် ၃၀ အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်ထားတော့မီးသတ်ကားကမရှိဘူး။ ပြည်သူတွေရော၊ ဆရာတော်တွေရော တက်ညီလက်ညီနဲ့ ဝိုင်းငြှိမ်းကြလို့၊ နောက်မှတောင်ငူက မီးသတ်ကား ၃ စီးနဲ့ ထန်းတစ်ပင်က ၂ စီးရောက်လာတယ်။ ၄ နာရီ ကျော်လောက်မှ မီးငြိမ်းသွားတာ”ဟု ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က စတင်ပြီး ဇရပ်ကြီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် တော်လှန်ရေးရဲဘော်များ တိုက်ပွဲပြင်းထန်ခဲ့သဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။
“အစ်မတို့က စစ်ရှောင်နေရတာမပြန်ရဲသေးဘူး။ တချို့တွေက ဒီနေ့ပြန်ကြတယ်၊ ဆိုင်ခန်းတွေက ပိတ်ပြီး ဘာမှယူမသွားရဘူးထားခဲ့ရတာ၊ အခုမီးလောင်ထဲအထဲပါသွားပြီ ကြားတယ်”ဟု အသက် ၃၀ အရွယ် ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။
တိုက်ပွဲကြောင့် မြို့ခံပြည်သူများတိမ်းရှောင်နေရချိန် ဆိုင်ခန်းများဖောက်ထွင်းခံရပြီး ဆိုင်တွင်းပစ္စည်းများမရှိတော့သည့်အချိန်တွင် ဖောက်ထွင်းသူများကမီးရှို့ခဲ့ခြင်းဖြစ်နိုင်ကြောင်း အသက် ၄၀ အရွယ်မြို့ခံအမျိုးသမီးတစ်ဦးက သုံးသပ်သည်။
“လူတွေက မရှိတော့ဆိုင်ခန်းတွေက အကုန်အဖောက်ခံထားရတာ၊ တန်ဖိုးရှိပစ္စည်းတွေ အကုန်ယူပြီးမှ မီးရှို့ပစ်လိုက်တဲ့သဘော၊ ရှို့မီးပေါ့၊ သူခိုးတွေ ရှို့တယ်လို့လည်းပြောတယ်၊ တချို့က စကစတွေ ရှို့တာလို့ပြောနေကြတယ်၊ ဘယ်သူမှတော့ သေချာမမြင်ရဘူး“ဟု ၎င်းကဆိုသည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ခန်းများဖောက်ထွင်းခိုးယူကာ ဈေးကိုမီးရှိူ့ဖျက်စီးခဲ့ခြင်းကြောင့် ဆိုင်ခန်း ၂၂၈ ခန်းနှင့် လူနေအိမ် ၁၅ လုံး မီးလောင်ဆုံးရှူံးခဲ့သေးသည်။