စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၂ဦးသေဆုံးကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊မန္တလေး-မုံရွာကားလမ်းဘေးရှိ တိုင်းရင်းသားဒီဂရီကောလိပ် မှ ပြန်လာသည့် ပြန်ကြားရေးဒုဝန်ကြီး စီးနင်းလာသည့် ယာဥ်တန်းကို အုန်းတောနှင့်စစ်ကိုင်းကြား၌ မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုဝန်ကြီးစီးလာသော မာစီးဒီးကားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Phoenix-Sagaing ထံက သိရသည်။
“ကျနော်တို့က ဝန်ကြီးပါတဲ့ မာစီးဒီးကိုပဲ တည်ပြီးဆွဲတာ။မိုင်း ၁ လုံးစဆွဲလိုက်တဲ့ အချိန်မှာ ရှေ့ကား ၁ စီးက ထိုးရပ်ပြီး ဝန်ကြီးကားလည်း ရပ်သွားတယ်။၂ပွိုင့် ၆ လုံးမှာ ၆ လုံးစလုံးကွဲတာ။ကားတွေက ဘေးထိုးကျကုန်တာ” ဟု Phoenix-Sagaing မှ တာဝန်ရှိသူ ရဲဘော်လေးလေး ကပြောသည်။
ဒုဝန်ကြီး ရဲတင့်ကို အခြားကားတစ်စီးဖြင့် စစ်ကိုင်းမြို့သို့ ခေါ်ဆောင်သွားပြီး ၎င်း ထိခိုက်မှုရှိ၊မရှိကိုမူ အတည်မပြုနိုင်ကြောင်း ရဲဘော်လေးလေးက ပြောသည်။
“ဝန်ကြီးကတော့ စစ်ကိုင်းကိုတက်သွားတယ်။မိုင်းဆွဲပြီးတာနဲ့ ပစ်လိုက်တာဆိုတာ ၂ နာရီလောက်ကိုကြာတယ်။ကားတွေကိုတော့ နောက်နေ့မနက်မှာ စစ်ကိုင်းကနေ လာသယ်သွားတယ်။မိုင်းဆွဲတဲ့အနီးဝန်းကျင်ရွာတွေကိုလည်း ဝင်မွှေတာတွေရှိတယ်” ဟု ၎င်း ကဆက်လက်ပြောသည်။
ယင်း မိုင်းဆွဲမှုကြောင့် မာစီးဒီးကား အပါအဝင် ကား ၃ စီး ပျက်စီးသွားခဲ့ကာ ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ပျက်စီးသွားသောကားများကို လုံခြုံရေးယူကာ ကရိန်းဖြင့် လာသယ်သွားကြောင်းသိရသည်။
“သေတာက ၂ ပွင့်ဗိုလ်နဲ့ ၃ ပွင့်ဗိုလ် ဝန်ကြီး Best Men တွေဖြစ်မှာပေါ့”ဟု ဒေသတွင်း PDF တာဝန်ခံတစ်ဦးကပြောသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို Phoenix-Sagaing နှင့် စစ်ကိုင်းမြို့နယ်(ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အရာရှိ၂ဦး သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။