တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ကျေးရွာ အချို့တွင် ဗမာလူငယ်ကွန်ယက်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တော်လှန်ရေးရုပ်ရှင်နှင့် ၂ ငါးလုံး သုံးနှစ်ပြည့် အထိုင်သပိတ်တို့ ပြုလုပ်ခဲ့ခြင်းကြောင့် လာရောက်ပူးပေါင်းပါဝင်သည့်ပြည်သူများအနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင့်တွန်းလှန်ရန် စိတ်ဓာတ်များပိုမိုတက်ကြွလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
တော်လှန်ရေးရုပ်ရှင်နှင့် ၂ ငါးလုံး သုံးနှစ်ပြည့်အထိုင်သပိတ်ကို တော်လှန်ရေးအဖွဲ့အစည်းများ စိုးမိုးထားသည့်နယ်မြေတွင် ဖေဖော်ဝါရီ ၂၂ ရက်၊ ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၅၀၀ ကျော်ပူးပေါင်း ပါဝင်ခဲ့ကြောင်း အသက် ၃၀ ကျော်အရွယ် ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ သွေးအေးနေတဲ့ စိတ်တွေပိုတက်ကြွလာတယ်၊ ဒါမျိုးပွဲတွေ၊ ရုပ်ရှင်တွေမကြာမကြာလာလုပ်စေချင်တယ်၊ ဒါမှ ကျွန်တော်တို့ ပြည်သူတွေ အာဏာရှင်ကိုတော်လှန်ပုန်ကန်ဖို့ မမေ့မှာ၊ ပြီးတော့ ကျွန်တော်တို့ တိုက်ပွဲတွေအတွင်းမှာ ဆောင်ရန်ရှောင်ရန်တွေရော၊ လေကြောင်းတိုက်ခိုက်လာရင်လည်း ကာကွယ်ဖို့တွေသိလာရတယ်”ဟု ၎င်းက ဆိုသည်။
မြိတ်မြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသနေသည်မှာ ၄ ရက်ခန့်ရှိနေပြီဖြစ်ပြီး လာမည့်ရက်များတွင်လည်း ပြည်သူများ သွေးမအေးစေရန် ဆက်လက်ပြသမည်ဖြစ်ကြောင်းနှင့် ပြသပေးသည့် ရုပ်ရှင်များမှာ မသောက်မိသော မိုးခါးရေ၊ သစ္စာ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် နှင့် နိုင်ငံပျောက်သူ စသည့်ဇာတ်ကားများဖြစ်ကြောင်း ဗမာ့လူငယ်ကွန်ရက် အတွင်းရေးမှုး ကိုရဲထွေးက ရှင်းပြသည်။
“ တော်လှန်ရေး ကာလမှာ ပြည်သူတွေ သွေးမအေးကြဖို့ပါ၊ ပြီးတော့ စစ်တပ်အတွက် အကျိုးစီးပွားရှာပေးနေတဲ့ပစ္စည်းတွေ ၊ လူတွေကို ပြည်သူတွေအနေနဲ့ boycott လုပ်ဖို့နဲ့ မသုံးစွဲကျဖို့ လည်းပါတယ်။ တော်လှန်ရေးကာလမှာ ပြည်သူတွေအနေနဲ့ ကိုယ်အား၊ ဥာဏ်အား၊ နှုတ်အားဖြင့်လဲ ဒီတော်လှန်ရေးမှာ ပါဝင်ကူညီပေးလို့ရတဲ့အကြောင်းကို ပြည်သူတွေသိ စေချင်လို့ တစ်ရွာပြီးတစ်ရွာ လိုက်လံပြီးချပြတာ”ဟု ကိုရဲထွေးက ဆိုသည်။
၂ ငါးလုံး သုံးနှစ်ပြည့် အထိန်းအမှတ်အနေဖြင့်ပြုလုပ်ခဲ့သည့် သပိတ်ပွဲတွင်လည်း စစ်တပ်အာဏာသိမ်းချိန်မှစ၍ ယနေ့အထိကျဆုံးသွားသော သူရဲကောင်းများကို အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုမျိုးကြီးက ပြောသည်။
“အလေးပြုအခမ်းနားလုပ်တယ်၊ ပြီးတော့ စစ်တပ်ရဲ့ ပြည်သူတွေအပေါ်ယုတ်မာမှုတွေကို ပြည်သူတွေသိအောင်ပြောပြတယ်၊ ရွာလုံးကျွတ်နီးပါးပဲ လာကြတယ်ဗျ၊ ပြည်သူတွေအခုလို တက်တက်ကြွကြွပါဝင်ပေးတော့ ကျွန်တော်တို့လည်းတော်လှန်ရေးလုပ်ရတာ ပိုအားတက်တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။
တော်လှန်ရေးရုပ်ရှင်နှင့် ၂ ငါးလုံး သုံးနှစ်ပြည့်အထိုင်သပိတ်ကို လက်ရှိကျေးရွာ ၄ ရွာ ပြသခဲ့ပြီး တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာအားလုံးတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။