ရန်ကုန်မြို့၌ ပေါ်တာဆွဲသည့် သတင်းများကြောင့် ကုမ္ပဏီများက အလုပ်ဆင်းချိန်များကို စော၍ သတ်မှတ်ပေးလျက်ရှိကြောင်း အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် ရန်ကုန်မြို့၌ ပေါ်တာဆွဲသည်ဟု ပြောဆိုကြသည့် လူငယ်များ ဆက်တိုက်ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ အခြေအနေကြောင့် အလုပ်ချိန် စောဆင်းပေးရန် အလုပ်သမားများက တောင်းဆိုကြခြင်းဖြစ်ပြီး ကုမ္ပဏီ အများအပြားကလည်း လတ်တလောတွင် တောင်းဆိုချက်အား လိုက်လျောပေးထားကြောင်း သိရသည်။
” အဓိကက ဝန်ထမ်းတွေ အန္တရာယ်မဖြစ်စေလိုတာရယ်၊ သူတို့ တောင်းဆိုကြတာရယ်ကြောင့် ကုမ္ပဏီဘက်ကလည်း အလုပ်ချိန်ကို အခုလတ်တလောတော့ နာရီဝက် စောဆင်းပေးထားတယ်” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ HR ဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုကဲ့သို့ အလုပ်စောဆင်းသဖြင့် ယခင်က ရန်ကုန်မြို့တွင် ညနေ ၅နာရီကျော်မှ ကားကျပ်ခဲ့သော်လည်း၊ ယခုအခါ ညနေ ၄နာရီကျော်မှ စတင်၍ ကားကျပ်လာကြောင်း YBS စီးနင်းသူများက ပြောသည်။
” အခု လေးနာရီ ခွဲလောက်ဆို မှတ်တိုင်မှာ လူပုံနေပြီ၊ ကားတွေက ကျပ်သပ်နေတာပဲ၊ အရင်က ငါးနာရီကျော်မှ အဲ့ဒီလိုကျပ်တာ” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ည ၇နာရီကျော်သည်နှင့် လူသွားလူလာ ကြဲသလောက်ဖြစ်သွားသဖြင့် စျေးဆိုင်များသည်လည်း စော၍ သိမ်းနေရကြောင်း တာမွေမြို့နယ်၌ ကြက်ကင်ရောင်းသူတစ်ဦးက ပြောသည်။
” ကျတော်တို့ အကင်ဆိုင်က အရင်က ကိုးနာရီလောက်မှ ပိတ်တာ၊ အခု ၈နာရီလောက်ဆို သိမ်းရတယ် ။လူလည်း သိပ်မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံများက ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးအနှံ့ လူငယ်များကိုဖမ်းဆီးပြီး ငွေတောင်းခံခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။