စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အားကစားရုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များအစည်းအဝေးလုပ်နေစဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ( ဖေဖော်ဝါရီ ၂၂ရက် )၊ မနက် ၁၀နာရီ ၄၅မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထွေအုပ်ရုံးမှ တာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ အစည်းအဝေးပြုလုပ်နေစဉ် Fixed-Wing Drone ဖြင့် ဗုံးသီး(၃)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှ တပ်ရေးဗိုလ်က MPA ကိုပြောသည်။
“ သူတို့က ၉ခွဲလောက်မှာ အစည်းအဝေးလုပ်တာဗျ၊ ကျတော်တို့က ၁၀နာရီ ၄၅မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာ၊ ဘာအတွက် ခေါ်တဲ့အစည်းအဝေးလဲတော့မသိရဘူး။ အပြင်မှာလဲ စစ်သားတွေက ကင်းယူပေးထားတာဗျ” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် အစည်းဝေးပျက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရေးဗိုလ်က ဆက်လက်ရှင်းပြသည်။
“ ဗုံးသီးက ကင်းယူနေတဲ့ စစ်သားတွေပေါ်ကို ကျတာဗျ။ အသံလဲကြားရော အားကစားရုံထဲကနေ အကုန် ပြေးထွက်လာကြတာ “ ဟု တပ်ရေးဗိုလ်ကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ရေဦးမြို့တွင်း၌ စစ်ကောင်စီတပ်က လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးဆိုင်များ ခေတ္တပိတ်ထားခဲ့ရကြောင်း အမည်မဖော်လိုသည့် ရေဦးမြို့ခံတစ်ဦးကပြောသည်။
“ သေနတ်သံတွေ တောက်လျှောက်ကြားရတာ၊ ပြီးတော့ အားကစားရုံနားက ဈေးဆိုင်တွေရယ်၊ ဈေးကြီးထဲက ဆိုင်တွေပိတ်ထားကြတယ်။ ကြောက်လို့ထင်ပါတယ်။ အားကစားရုံနားက ဈေးဆိုင်တွေကတော့ ခဏပိတ်တာ။ ဒီနေ့လည်း ထ ၂ ကျောင်းမှာ ထပ်ပြီး အစည်းအဝေးလုပ်မယ်ကြားတာဘဲ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံတွင် ဝင်ရောက်ထမ်းဆောင်လိုပါက ရွှေဘိုခရိုင်တပ်ရင်းအမှတ် ၁၄ တွင် ဝင်ရောက်ဝာာဝန်ထမ်းဆောင်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသေးသည်။