စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ရွာကို ယနေ့(ဖေဖော်ဝါရီ ၂၂ရက်)၊ နေ့လယ် ၁၂နာရီ ၅၈မိနစ်တွင် စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ကြောင်း မုံရွာအမြင့် သတင်းမှန်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
မုံရွာမြို့ စွမ်းရည်ထက်ဆီဆိုင်တွင် ဂိတ်ချထားသည့် စစ်သားများနှင့် တောပုပျူရွာမှ ပျူစောထီးများ စုစုပေါင်း ၃၀ခန့်သည့် ကြာပိုင်ရွာသို့ ဝင်ရောက်ပြီးနောက် အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ အကြောင်းမဲ့ရှို့တာဗျ၊ အရင်ဆုံး ကြာပိုင် ရွှေကျောင်းဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက်က ကွမ်းခြံတွေကို အရင်စရှို့တာ၊ ပြီးတော့ ရွှေကျောင်းနားက အိမ်တွေရှို့တာဗျ” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို မြေပြင်အခြေအနေအရ အတည်ပြုနိုင်ရန်ခက်ခဲနေပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးခံရသည့်အချိန်မှစတင်ကာ ပြည်သူများ ရွာထဲ၌ မနေထိုင်ရဲတော့ကြောင်း သတင်းနှင့်ပြန် ကြားရေးတာဝန်ခံက ရှင်းပြသည်။
“ အခုက ရွာထဲ ပြည်သူတွေ မနေကြလို့ ဘယ်သူမှအထိအခိုက်မရှိပါဘူး။ အရင်တခါ ပြည်သူတွေမီးရှို့သတ်ခံရ၊ ရွာမီးရှို့ခံရပြီးထဲက ရွာထဲမနေရဲကြတော့တာ” ဟု ၎င်းကဆိုသည်။
တောပုပျူရွာမှ ပျူစောထီးများကို ပြည်သူများ ကြောက်ရွံ့ကြသဖြင့် တောင်ယာအလုပ်ကို သွားရောက်မလုပ်ကိုင်ရဲတော့ဘဲ ရွာနှင့် အလှမ်းဝေးသည့် ကွမ်းခြံများတွင်သာ ကွမ်းရွက်စိုက်ခြင်းကို အဓိကထားလုပ်ဆောင်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ကျတော်တို့ရွာက တောပုပျုရွာနဲ့ တအားကပ်တော့ ရွာနားမကပ်ရဲတော့ဘူး။ ပျူတွေကလည်း ရွာနားက ကွမ်းခြံတွေကို မီးခဏခဏရှို့နေတာ။ ရွာနဲ့လှမ်းတဲ့ ကွမ်းခြံတွေမှာဘဲ အလုပ်လုပ်နေရတာပေါ့” ဟု ၎င်းကပြောသည်။
ကြာပိုင်ကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တောပုပျူစောထီးကျေးရွာမှ ပျူစောထီးနှင့် စစ်သားများ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ခန့် မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ ၂၀၀၀ ခန့် ရွာကိုစွန့်ခွာတိမ်းရှောင်နေရသည်မှာ ယနေ့အထိဖြစ်သည်။