မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်မြောက်ပိုင်းရှိကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက်ရှည်စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည့် ပြည်သူ ၅၀၀၀ ကျော်မှာ စားဝတ်နေရေးခက်ခဲလာကြောင်း ဒေသခံသတင်းအရင်းအမြစ်များကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ဆင်နီတောင်ရွာ၊ ဒေါသာရွာ ၊ အရှေ့ကံတွင်းရွာ၊ ဆင်လမ်းကြောင်းရွာ၊ ကပိုင်ရွာ၊ တောင်ရွာနှင့် မရွာတို့ရှိ ပြည်သူ ၅၀၀၀ ကျော်မှာ ထွက်ပြေးတိမ်ရှောင်နေရကြောင်း အသက်၄၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးက ပြော သည်။
“အရင်ကလည်း စစ်ကြောင်းခဏခဏလာတယ်၊ တစ်ရက်၊ နှစ်ရက်လောက်ဆိုပြန်သွားရော၊ အခုတစ်ပတ်လောက်ရှိပြီမပြန်သေးဘူး။ အစ်မတို့လည်းရွာမပြန်ရဲဘူး၊ တောထဲမှာပဲအဖွဲ့တွေခွဲနေရတယ်၊ ခါတိုင်းကနှစ်ရက်၊ သုံးရက်လောက်ပဲရှောင်ရတော့ စားရေးသောက်ရေးအဆင်ပြေတယ်။ အခုကနောက်ဘယ်နှစ်ရက်နေရဦးမယ်မသိဘူး။ စားဖို့လည်းမရှိတော့ဘူး၊ အဝတ်စားတွေလည်းခါတိုင်းလိုပဲထင်ပြီးသိပ်ယူမလာဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဒေါသာကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကြားသိရသော်လည်း အိမ်အလုံးရေမည်မျှမီးလောင်ပျက်စီးသွားသည်ကိုတော့ မသိရှိရသေးကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
“ရွာမှာတော့ မီးရှို့တယ်ပြောတယ်၊ အိမ်ခြေဘယ်လောက်ပါသွားလည်းတော့မသိဘူး၊ တစ်လုံးတည်းလို့လည်းပြောသံကြားတယ်၊ ပြန်လည်းမကြည့်ရဲဘူး။ စစ်ကြောင်းက ပြန်ဆုတ်သွားလိုက် ပြန်တက်လာလိုက်လုပ်နေတာ၊ ဒီဘက်မှာက ငွေထုတ်တဲ့ စက်ရုံက ရှိနေတော့ အဲဒီလမ်းကြောင်းကိုပိတ်ချင်လို့လားမသိဘူး”ဟု ၎င်းက ခန့်မှန်းပြောသည်။
အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတွင် ပြည်သူ့စစ်များလည်းပါဝင်နိုင်ပြီး စစ်ကြောင်းသွားရာ လမ်းကြောင်းတစ်လျှောက်တိုက်ခိုက်မှုများပြုလုပ်နေသော်လည်း ထိခိုက်သေဆုံးမှုအတိအကျကိုအတည်မပြုနိုင်ကြောင်း ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်းရှိ တပ်ရင်းမှူး GZ က ဆိုသည်။
“ပုံစံကြည့်ရတာ ပြည်သူ့စစ်တွေများလောက်တယ်၊ သိပ်ပြီး စစ်ရေးမကျွမ်းကျင်ဘူး။ ကျွန်တော်တို့ကတော့ စစ်ကြောင်းတောက်လျှောက် တိုက်ခိုက်မှုတွေလုပ်နေတာ၊ မိုင်း ၂ ကြိမ်ဆွဲတယ်၊ စနိုက်ပါနဲ့လည်းပစ်တယ်၊ လက်လုပ် rocket အလုံးရေတော်တော်များများလည်းပစ်ခဲ့သေးတယ်”ဟု ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ပြီး မကွေးလေတပ်စခန်းမှ စစ်ကောင်စီလေယာဉ်များ မကြာခဏဆိုသလို အတက်၊ အဆင်းများပြုလုပ်ပျံသန်းနေခြင်းကြောင်း ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှုမြင့်တက်လျက်ရှိသည်။