စစ်ကောင်စီက ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များသည် တရားမဝင်လမ်းကြောင်းများမှ အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင်လျက်ရှိရာ၊ ဖေဖော်ဝါရီ ၂၀ရက်မှ ယနေ့(ဖေဖော်ဝါရီ ၂၂ရက်)အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တရားမဝင်ဝင်ရောက်လာသူ ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်ရဲစခန်းရှိ ဘာသာပြန် မြန်မာနိုင်ငံသားတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
“တရားဝင် ဝင်လာပြီးနေတာဆို ပြဿနာမရှိပါဘူး။ အဓိကဘယ်နိုင်ငံမှာနေနေ အဲ့ဒီနိုင်ငံရဲ့ ဥပဒေတော့ လိုက်နာရမှာဘဲလေ အခု ကျတော်တို့မဲဆောက်ဘက်ကော ချင်းမိုင်၊ ဘန်ကောက် မှာကော အောက်လမ်းကနေ ဝင်နေကြတာ၊ မဲဆောက်မှာဆို သုံးရက်အတွင်း တရားမဝင်ဝင်လာတဲ့သူတွေ ဖမ်းခံရတာ ၁၀၀ကျော်ပြီ” ဟု ဘာသာပြန် မြန်မာနိုင်ငံသား MPA သို့ပြောသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူအများစုကို ထိုင်း လ၀က၊ စစ်တပ်နှင့် ရဲများ သည် မဲဆောက်မြို့၊ မယ်ပ၊ ဝှေ့ကလုတ်၊ ဖုတ်ဖရ စသည့်နေရာများ၌ ဂိတ်ချစစ်ဆေးခြင်း၊ စစ်ဆေးခြင်းများဖြင့် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“စစ်မှုထမ်းရမှာဆိုးလို့ မဲဆောက်ကိုလာတာ တံတားပေါ်ကနေကူးလာတာ၊ မှတ်ပုံတင်တွေတော့ မသိမ်းဘူး။ ကားသမား ကအာမခံပေးတယ်။ ကားသမားကတော့ပြောတယ် သက်တမ်းတွေဘာတွေတိုးစရာတော့မလိုဘူး။ မဲဆောက်မှာနေမယ်ဆို ရဲကဒ်လုပ်နေလဲရတယ်။ အထောက်အထားတစ်ခုခု လုပ်ပြီးနေလဲရတယ်”ဟု ရန်ကုန်မှ မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် လူငယ်တစ်ဦးက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်)တွင်လည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှ တဆင့် ထိုင်းနိုင်ငံသို့ ကူးမည့် လူငယ် ၂၀ခန့်အား စစ်ကောင်စီဘက်က ဖမ်းဆီးထားသည်ကို တွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အထက်ပါ လူငယ်တစ်ဦးက ပြောသည်။
“မနေ့ကညကဆို ဆိုင်ထိုင်နေတဲ့သူတွေကို ဝင်စစ်တာ၊ ရဲကဒ်ရှိတဲ့သူတွေနဲ့ အထောက်အထားမရှိတဲ့သူတွေ အကုန်ဖမ်းခေါ်သွားတာ၊ လမ်းဘေးဆိုင်မို့ဖမ်းတယ်ထင်တာ၊ ဆိုင်ကြီးဆိုင်ခန်းတွေလည်းဝင်စစ်တာ၊ အဲ့ဒီနေ့ကဆို လမ်းသွားလမ်းလာတွေကော 7 eleven တွေမှာပါဝင်ဖမ်းတာ”ဟု မဲဆောက်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။
ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့ရှိ စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ လူစည်ကားသည့်နေရာများတွင် ထိုင်းအာဏာပိုင်များက စစ်ဆေးမှုတင်းကျပ်နေသဖြင့် သတိထားသွားလာရန် ထိုင်းနိုင်ငံရောက် မြန်မာအချင်းချင်း သတိပေးလျက်ရှိနေကြောင်းလည်း သိရသည်။
ထိုကဲ့သို့ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် စေထာထဝီဆင်က ပြောကြားထားသည်။
ထို့ပြင် ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ လာရောက်မည့်သူများသည် ရန်ကုန်မြို့ ထိုင်သံရုံး၌ ဗီဇာလျှောက်ထားမှု များပြားနေခြင်းကြောင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဖေဖော်ဝါရီ ၁၉ရက်တွင် ကြေညာထားသည်။