မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတိုင်းဗဟို ၉ ၏ ကာကင်းစခန်း ၃ ခုနှင့် အရေးပါသော နေရာတစ်ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေးက ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီစခန်း၏ အစိတ်အပိုင်းအချို့ဖြစ်သော ကာကင်းစခန်း ၃ နှင့် အရေးပါသော နေရာတစ်ခုအား လောလောဆယ် သိမ်းပိုက်ရရှိထားပြီး တိုင်းဗဟို ၉ တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေကြောင်း ဖော်ပြထားသည်။
“မင်းပြားက တပ်ရင်းတွေကိုတော့ သိမ်းလိုက်နိုင်ပြီ။ အခု တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်း ထပ်သိမ်းနေတာပေါ့။ အဲ့ဒီသင်တန်းကျောင်းနားပဲ စစ်ရေးလှုပ်ရှားမှုတွေက ရှိနေတာပါ။ ဒီသင်တန်းကျောင်းကို ဝိုင်းထားပြီးတော့ တဖြေးဖြေးသိမ်းလာတဲ့ သဘောပါ။ အခုလည်း ကာကင်း ၃ ခုအထိ သိမ်းထားတာဆိုတော့ မကြာခင်လည်း ဒီလေ့ကျင့်ရေးကျောင်းကို သိမ်းနိုင်မယ်လို့ ယုံတယ်”ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။
မင်းပြားမြို့နယ်ရှိ အမှတ် ၉ တိုင်းဗဟို လေ့ကျင့်သင်တန်းကျောင်းအား ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ၄ ရက်မြောက်နေ့တွင် ယင်းသင်တန်းကျောင်း၏ ကာကင်းစခန်းများနှင့် စစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားခြင်းဖြစ်သည်။
“အခုက မင်းပြားက စစ်ကောင်စီကင်းစင်တဲ့ ရခိုင်ဒေသတွင်းက နယ်မြေတစ်ခုလို့ ပြောလို့ရတယ်။ တချို့ရွာတွေမှာတော့ ပြန်ဝင်လို့ရနေပြီ။ မြို့ပေါ်က သူတွေနဲ့ ရွာတချို့ကသူတွေကတော့ ပြန်လို့မရသေးဘူး။ မြို့ပေါ်ကကျတော့ စစ်ကောင်စီက အချိန်မရွေး ဗုံးလာကြဲတာတွေနဲ့ ဒရုန်းနဲ့ ဗုံးသီးချတာတွေကို လုပ်နိုင်သေးလို့ ပြန်နေခွင့် မပေးသေးတာပါ။ ပစ္စည်းတွေ လိုချင်ရင်တော့ ဝင်ယူလို့ရပါတယ်”ဟု မင်းပြားမြို့ခံ တစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တိုက်ပွဲတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ စစ်အင်အားများ တစ်ပြိုင်နက် အသုံးပြု၍ ခုခံကာကွယ်ခဲ့သော်လည်း စစ်မြေပြင်အနေအထားအရ မင်းပြားမြို့ကို AA ကထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်းဟုခေါ်ဆိုသော တိုင်းဗဟို ၉ လေ့ကျင့်ရေးသင်တန်းကျောင်းသာ ကျန်ရှိနေခြင်းဖြစ်ပြီး ယင်းသင်တန်းကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာ လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၀ ရက်တွင် သတိပေးထားခဲ့သေးသည်။