စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် အတည်ပြုပြဌာန်းခဲ့ပြီးနောက် လူငယ်ရာနှင့်ချီ၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းလာကြောင်း သိရသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ လာရောက်ပူးပေါင်းသည့် လူငယ်အများစုမှာ ကလေး၊ ကဘော် စသည့်ဒေသများနှင့် မြေပြန့်ဒေသများက လူငယ်များဖြစ်ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက MPA ကိုပြောသည်။
“ အခုလည်း သင်တန်းပေးနေပါတယ်။ စာရင်းအတိအကျတော့ ကျွန်တော်မသိရသေးဘူးဗျ။ CNO/CNDF ကနေပြီး ဖက်ဒရယ်ဒီမိုကရေစီရပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရဖို့ ပြည်သူ့ဘက်တော်သား တော်လှန်ရေးသမားတွေ အများကြီး လိုအပ်နေပါသေးတယ်။ CNO/CNDF မှာ အမြန်ဆုံးဝင်ရောက်ကြဖို့လည်း အမြဲတံခါး ဖွင့်ကြိုဆိုလျက်ပါ” ဟု ၎င်းကဆိုသည်။
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အခြေစိုက် PDF Zoland ထံကိုလည်း လူငယ်ရာနှင့်ချီ၍ ရောက်ရှိလာပြီဖြစ်ပြီး စစ်ပညာသင်ကြားပေးနိုင်ရန်အတွက် နေစရာ၊ စားနပ်ရိက္ခာ၊ အသုံးအဆောင်နှင့် ဆေးဝါးအကူအညီများလိုအပ်လျက်ရှိနေကြောင်း ယနေ့ထုတ်ပြန်သည်။
“ ဤကိုကျွဲလုပ်နိုင်တဲ့ လူငယ်တွေကတော့ ဒါကို (စစ်မှုထမ်းဥပဒေကို) တော်လှန်ရေးအင်အားအဖြစ်ပြောင်းလဲပစ်လိုက်ပါပြီ။ ဖက်ဆစ်စစ်တပ်ကိုရှောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ကိုအားဖြည့်ဖို့ PDF Zoland ကို လူငယ်တွေရာနဲ့ချီ ရောက်ရှိလာကြပါပြီ” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့သို့ ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် လူ၊ လက်နက်ရိက္ခာများ ဖြည့်တင်း၍ မင်းတပ်မြို့ပေါ်မှ ပြည်သူများအား တစ်ရပ်ကွက်လျှင် လူအယောက် (၇၀) ပေးရမည်ဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ကြေညာခဲ့သော်လည်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီအနေဖြင့် နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နိုင်မှုမရှိခြင်းကြောင့် ဒေသခံလူငယ်များအပေါ် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေသည် ကြီးမားသောသက်ရောက်မှုမရှိနိုင်ကြောင်း ချင်းအမျိုးသားကောင်စီ(မင်းတပ်)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က သုံးသပ်သည်။
“ လှုပ်လှုပ်ခတ်ခတ်အနည်းငယ်တော့ဖြစ်တယ်။ ရပ်ကွက်ထဲမှာ ဖမ်းတာဆီးတာမျိုးတော့ မရှိသေးဘူး။ တကယ်လို့ဖမ်းမယ်ဆိုလည်း မင်းတပ်မြို့ဝင်ပေါက်၊ ထွက်ပေါက်တွေက အများကြီးရှိတာကိုး။ လူငယ်တွေအနေနဲ့ မြို့ကြီးတွေမှာလို ဟိုဘက်လားဒီဘက်လား ရွေးရမယ့် ကျဥ်းထဲကျပ်ထဲမှာမျိုးတော့မဟုတ်ဘူး။ တကယ်လို့ရွေးရမယ်ဆိုလည်း CDF ထဲကိုပဲ ဝင်လာကြမှာပါ” ဟု ဆလိုင်းယောမာန်က MPA ကိုပြောသည်။
CDF(မင်းတပ်)အနေဖြင့် အပတ်စဥ်(၄)၊ မွန်းမံစစ်သင်တန်းဆင်းပွဲကို လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်က ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် အသစ်ထပ်မံဝင်ရောက်လာသည့် တပ်သားသစ်များ မရှိသေးကြောင်း စုံစမ်းသိရှိရသည်။