စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီက တောက်လျှောက်စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံတောင်သူများ၊ ပဲရိတ်သိမ်းရန် အခက်အခဲရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်နေ့မှစ၍ ပုလဲမြို့နယ်တွင် စစ်ကောင်စီက တကျော့ပြန်စစ်ကြောင်းထိုးလာမှုကြောင့် မြကုန်း၊ စေတီယျုံ ၊ ကြောင်သန်း၊ သစ်တစ်ရာ၊ လက်ပုကန် စသည့်ကျေးရွာများမှ ပဲစိုက်တောင်သူများသည် ပဲမရိတ် သိမ်းနိုင်ဘဲ စစ်ရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
“ ဒီစစ်ကြောင်းက ၇၀၃ တပ်ရင်းကဗျ၊ ပုလဲနယ်ထဲမှာ ပတ်ထိုးနေတာ တစ်လလောက်ရှိပြီ၊ ဒီလ ၁၈ရက်နေ့ကစပြီး ပုလဲမြို့နဲ့ ၂မိုင်လောက်ဘဲကွာတဲ့ ရွာတွေကို နောက်တခေါက်ပြန်ထိုးနေတာ၊ တောင်သူတွေက ပဲရိတ်ချိန်ဆိုတော့ ရိတ်ရင်းတန်းလန်း ပြေးနေရတာဗျ ” ဟု ၎င်းကပြောသည်။
အဆိုပါကျေးရွာများသည် ယမန်နှစ် သီတင်းကျွတ်မှစတင်ပြီး ကုလားပဲ၊ ပဲစဉ်းငုံတို့ကို စိုက်ပျိုးကာ တပိုတွဲလဆန်း၌ ရိတ်သိမ်းရမည်ဖြစ်သော်လည်း စစ်ရှောင်နေရသဖြင့် ပဲများအလေအလွင့်ရှိမည်ကို စိုးရိမ်နေရကြောင်း စစ်ရှောင်ခဲ့ရ သည့် ပဲစိုက်တောင်သူတစ်ဦးက ရှင်းပြသည်။
“ ကျတော်ကတော့ နည်းနည်းပါးပါးရိတ်လိုက်ရသေးတယ်။ မရိတ်ရသေးတာ ၄ဧကလောက်ကျန်သေးတယ်ဗျ၊ အခုက ရာသီဥတုကလဲ ပူလာပြီဆိုတော့ ပဲတွေ အမှည့်လွန်ပြီး ကြွေရင် အလေအလွင့်ရှိတယ်။ ခြောက်ကုန်ရင် အလေးချိန်လျော့မှာစိုးရတယ်” ဟု ၎င်းကရှင်းပြသည်။
စိုက်ပျိုးထားသည့်ပဲများကို မုံရွာမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ကာလပေါက်ဈေး တစ်တင်းလျှင် ကျပ်ရှစ်သောင်းခွဲခန့်ရရှိကြောင်း ၊ ပဲများရောင်းချရန် မြို့ပေါ် သို့ ကိုယ်တိုင်မသွားရဲသဖြင့် ကားသမားများကိုသာ အားကိုးနေရကြောင်း ပဲစိုက်တောင်သူက ဆက်လက်ရှင်းပြသည်။
“ ကားသမားကို ပဲတွေတင်ပေးလိုက်၊ သူအဆင်ပြေတဲ့ပွဲရုံကို ချိတ်ဆက်ပြီး ရောင်းပေးတာကို ကျတော်တို့က ငွေပြန်ယူတာပေါ့၊ ကျတော်တို့ နယ်မှာ စစ်ကြောင်းထိုးရင်၊ ဒါမှ မဟုတ် မြစ်တဘက်ကမ်း စစ်ကြောင်းရှိရင်ကို ကားသမားတွေက မသွားရဲတော့ မရောင်းရတဲ့အခါတွေလည်းရှိတယ်။ ပဲဦးပေါ်ခါစကဆို တစ်တင်းကို ကိုးသောင်းခွဲရပေမဲ့ ကားသမားတွေမထွက်တော့ ရှစ်သောင်းခွဲထိ စျေးကျသွားတဲ့အချိန်မှ ရောင်းရတယ် ” ဟု ၎င်းကပြောသည်။
ပဲစိုက်ပျိုးရာတွင် မျိုးစေ့ဖိုးအပြင် မြေဆီ ၊ ပိုးသတ်ဆေး ၊ ရေသွင်းရာတွင် အသုံးပြုရသည့် ဓာတ်ဆီ ၊ ဒီဇယ်ဆီဖိုးများ စိုက်ထုတ်ထားရပြီး ပဲဈေးကောင်းချိန်တွင် အချိန်မီမရောင်းချနိုင်ပါက အရှုံးပေါ်၍ အကြွေးတင်ကြောင်း ပဲစိုက်ပျိုးသည့် အခြားဒေသခံတောင်သူတစ်ဦးကပြောသည်။
“ ကျတော်ဆို ပဲလဲစိုက်တယ်။ ကြက်သွန်လေးလဲ တပိုင်တနိုင်စိုက်တယ်။ အခုဆို ကြက်သွန်ကစိုက်ရင်းတန်းလန်း ဆေးဖြန်းရမဲ့အချိန်မှာ ပြေးလာရတယ်။ ဒီဟာတွေအတွက် မြေဆီတွေ ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ၊ အလုပ်သမားကုန်ကျခတွေ ရင်းနှီးထားရတာ၊ အရှုံးပေါ်ပြီဆို ရှုံးတယ်ပဲမှတ်ရတာဘဲ။ ဒါမလုပ်လဲ လုပ်စရာမရှိဘူးလေ၊ စစ်ကြောင်းလာရင် ပြေးလိုက်၊ ပြန်ရင် စိုက်လိုက်ပဲ “ ဟု ၎င်းကပြောသည်။
လက်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာသို့ ရောက်ရှိပြီဖြစ်ကာ ကြောင်သန်းကျေးရွာအပါအဝင် ကျေးရွာ ၆ရွာခန့်မှ ပြည်သူ ၃၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။