တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကမ်းနားလမ်းရှိ Sea View Condo အနီးအမှိုက်ပုံ ၊ လေယာဉ်ကွင်း နှင့် အထွေထွေစုပေါင်းရုံးအနီးတွင် ဖေဖော်ဝါရီ ၂၁ ရက်၊ ညပိုင်းက မိုင်းပေါက်ကွဲမှုများကြောင့် မြို့ခံပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။
မြိတ်ကမ်းနားလမ်းရှိ Sea View Condo အနီး အမှိုက်ပုံအနီး ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် LGBT တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း အသက် ၃၀ အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“၈ နာရီထိုးခါနီးလောက် ပေါက်တာ၊ အမိုက်ပုံကပေါက်တာ၊ အသံအကျယ်ကြီးပဲ နာတွေပါအူသွားတာ၊ အဲဒီနေရာက ဘားဆိုတော့ လူစည်တယ်၊ ကျွန်တော်တို့ သိတာတော့ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ မိတ်ကပ်ကိုသားကြီးတို့အဖွဲ့ မိုင်းစတွေထိတယ်၊ဆေးရုံရောက်မှကိုသားကြီးဆုံးသွားတယ်ဗျ၊ နှစ်ယောက်ကတော့ ဆေးရုံမှာပဲ”ဟု ၎င်းက ရှင်းပြသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အနီးရှိပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း မြိတ်မြို့ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးပြောသည်။
“ဗုံးပေါက်လို့ လာကြည့်တဲ့သူတွေကို စစ်ဆေးတာပေါ့၊ ဖမ်းတာမျိုးတော့မရှိဘူး။ ပြီးတော့ လေယာဉ်ကွင်းနဲ့ ဘုံပျံနားမှာလည်းပေါက်တယ်၊ ၈ နာရီထိုးခါနီးလောက်ပဲ၊ ထိခိုက်သေဆုံးမှုရှိ၊ မရှိတော့ သေချာမသိရဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါဖောက်ခွဲမှုများကို တော်လှန်ရေးအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းမဟုတ်ဘဲ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းများအပေါ် ပြည်သူများ အထင်လွဲမှားစေရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မြိတ်ပကဖ၏ တာဝန်ရှိသူ တစ်ဦးကသုံးသပ်သည်။
“မြို့ပေါ်မှာ ကျွန်တော်တို့တော်လှန်ရေး အင်အားစုတွေက မရှိသလောက်ပဲ၊ ကျွန်တော်တို့တော်လှန်ရေးအင်အားစုဘက်က လုပ်တာ(ဗုံးခွဲ)မဖြစ်နိုင်ဘူး။ စစ်ရေးပစ်မှတ်မဟုတ်ဘူး။ လူစည်းကားတဲ့နေရာမှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းမှ လုပ်ဆောင်မှာမဟုတ်ဘူး” ဟု ၎င်းကမှတ်ချက်ပြုပြောသည်။
စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းများ၏ ပုံရိပ်ကို ထိခိုက်ပျက်စီးစေချင်သော ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြုဆင်ခြင်ပြီး သွားလာနေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းမပြုရန် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမေတ္တာရပ်ခံထားသည်။