မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၂ ဒဿမ ၇ သန်းနီးပါးရှိလာပြီဟု UNOCHA Myanmar က ထုတ်ပြန်သည်။
အဆိုပါ စာရင်းမှာ ဖေဖေါ်ဝါရီ၁၂ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံး ကိန်းဂဏန်းဖြစ်ပြီး ယင်း အနက် ၂ဒဿမ၄သန်းနီးပါးမှာ စစ်တပ်က အာဏာသိမ်းမှုအပြီး နေရပ်စွန့်ခွာ ထွက်ပြေးကြရ သူများဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂသည် မြန်မာစစ်ဘေးဒုက္ခသည်များစာရင်းကို ဆက်တိုက်ဆိုသလို ထုတ်ပြန်ပေးနိုင်သော် လည်း ဒုက္ခသည်များအပေါ် ကူညီပံ့ပိုးနိုင်မှုမှာမူ စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် အား ရစရာမရှိကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
“ကုလက အခုအချိန်ထိ ကိန်းဂဏန်းတွေပဲ ထုတ်ပြန်နိုင်တယ်။စစ်တပ်က ပိတ်ဆို့ထားလို့ ဘာမှရေရေရာရာ မထောက်ပံ့နိုင်ဘူးဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။ဒါပေမဲ့၊ စစ်တပ်ကို ဆန့်ကျင်ပြီး ဘာမှမလုပ်ရဲတော့ စစ်တပ်အလိုကျ ငုတ်တုတ်ပါပဲ။ကုလသမဂ္ဂက မြန်မာပြည်သူတွေ အပေါ် တကယ်ရော ကူညီပေးချင်စိတ်ရှိရဲ့လားလို့တောင် မေးခွန်းထုတ်ရမယ်” ဟု ၎င်းကပြောသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးနေသည့် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်ကလည်း စစ်ရှောင်ပြည်သူ စုစုပေါင်း၏ တစ်ဝက်မျှကိုပင် ကုလနှင့် မိတ်ဘက်အဖွဲ့များက ထောက်ပံ့နိုင်ခြင်း မရှိဟုဆိုသည်။
“ အဓိက မြန်မာပြည်က NGO၊ INGO အဖွဲ့အစည်းတချို့ရဲ့ အကျင့်ပျက်ခြစားနေမှုက အရမ်းမြင့်တက်နေလို့ မြေပြင်မှာကူညီမှုတွေက ထင်သလောက်ရောက်မလာပါဘူး။ များသောအားဖြင့် စာရင်းကောက်၊ ဒေတာကောက်တဲ့ အဆင့်လောက်သာရှိပါတယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နဲ့ စစ်တပ်တို့ကြား တိုက်ပွဲ ပြင်းထန်လာသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ တိုးလာနေသော်လည်း ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များ ရှိနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပတ်အခတ်ရပ်စဲထားသောကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်း၌ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူအများစုသည် နေရပ်သို့ ပြန်နိုင်ခဲ့ကြကြောင်း သို့သော်၊ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာကတည်းက ထွက်ပြေးခဲ့ရသည့် အိုးအိမ်စွန့်ခွာရသူ ၂၃,၀၀၀ နီးပါးမှာ မြို့နယ် ၁၅ မြို့နယ်အတွင်းရှိ နေရာ ၁၄၁ ခု၌ ရှိနေကြဆဲဖြစ် ကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများပြင်းထန်နေသဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် နိုင်ငံတကာသို့ တောင်းဆိုကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁၂ရက်တွင် ထုတ်ပြန်ထားသည်။