ရှမ်းပြည်နယ်တောင်းပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေအကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေနေကြောင်းသိရသည်။
ယနေ့ (ဖေဖော်ဝါရီလ ၂၁ရက်နေ့)နံနက်ပိုင်းတွင် ပင်းတယမြို့အဝင်ဂိတ်၊ မြို့တွင်းလမ်းဆုံနှင့် ပင်းတယမြို့မဈေးထဲတွင် စစ်သား၊ရဲနှင့်ထွေအုပ်ဝန်ထမ်းတို့က ဒေသခံပြည်သူများထံ လိုက်လံဖြန့်ဝေနေခြင်းဖြစ်သည်။
“စစ်ကောင်စီတွေ ရှေ့မှာတော့ စစ်မှုထမ်းဥပဒေရဲ့ ဝါဒဖြန့် စာရွက်တွေ ကို လက်နက်ဘာညာကို ကြောက်လို့ယူထားပေမယ့် အဲဒီစာရွက်တွေ ဘယ်လို အမှိုက်ပုံထဲ ရောက်ကုန်လဲ ဆိုတာ သိစေချင်တယ်။ ပြည်သူတွေက စစ်ကောင်စီကို ဘယ်လို ရွံနေသလဲဆိုတာ သိချင်ရင် စစ်မှုထမ်းဥပဒေကို အတင်းအကျပ် ပြဌာန်းရတာပဲကြည့်ပေါ့ဗျာ။ DPLA အနေနဲ့ ပြည့်သူ့ဆန္ဒ အတိုင်း ရပ်တည်သွားမယ်လို့ပြောချင်ပါတယ်”ဟု Danu People’s Liberation Army-DPLA ဥက္ကဌ အောင်ငဲ ကပြောသည်။
ယင်းလက်ကမ်းစာစောင်ထဲတွင် စစ်မှုထမ်းလျှင်ရရှိမည့် ခံစားခွင့်များ၊စစ်မှုထမ်းဥပဒေကို မစိုးရိမ်ရန်ရေးသားထားသည့်စာသားများနှင့် သတင်းမီဒီယာများကို အကြမ်းဖက်အားပေးများအဖြစ် ရေးသားထားသည့်စာများပါဝင်ကြောင်းသိရသည်။
“ပြည်သူများအနေနဲ့ကလည်း DPLA မှ မဟုတ်ပါဘူး၊ နီးစပ်ရာ EAO တွေဆီမှာ ခိုလှုံပြီး အသက်ဘေးလွတ်အောင် ရှောင်လို့ ရတဲ့အကြောင်း သတင်းပါးချင်ပါတယ်။ ကျနော်တို့ဆီကို ရောက်လာရင် အဆင်ပြေအောင် နေရာစုံ နည်းလမ်းပေါင်းစုံပြင်ဆင်ထားတဲ့ အတွက် ရှည်ရှည်ဝေးဝေးစဥ်းစားမနေဘဲအမြန်ဆုံးဆက်သွယ်ကြဖို့လည်းတိုက်တွန်းနှိုးဆော်လိုပါတယ်။စစ်အာဏာရှင် အမြစ်ပြတ်ဖို့ နိုင်တဲ့နေရာက ထမ်းကြဖို့ အကြံပြုပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက လူငယ်စာရင်းများလိုက်လံကောက်ခံနေကြောင်းလည်းသိရသည်။
“ဒီရက်ပိုင်းအတွင်း ည ၇ ခွဲ လောက်ဆိုရင်ကို လူရှင်းသွားတယ်။တချို့ကတော့ နိုင်ငံခြားထွက်ဖို့လုပ်နေကြသူတွေလည်းရှိတယ်။စစ်တပ် ထဲဝင်မဲ့သူကတော့ မရှိသလောက်ရှားပါတယ်” ဟု ပင်းတယမြို့ခံ လူငယ်တစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ရာ မြန်မာပြည်သူများအားလုံး စိုးရိမ်ထိတ်လန့်လျက်ရှိသည်။