စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ကံကြီးကုန်းရွာသား တစ်ဦးကို ခွေးဘီလူးစစ်ကြောင်းက ရက်ရက်စက်စက် သတ်ကာ နွားစာပုံ၌ စွန့် ပစ်သွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၀ရက်၊ ည ၁၀ နာရီခန့်တွင်ခွေးဘီလူးစစ်ကြောင်းသည် ကံကြီးကုန်းရွာကို ဝင်ရောက်စီးနင်းခဲ့ကာ ကံကြီးကုန်းရွာသား ကိုဖိုးကို(၂၈နှစ်)အား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အုန်းတောရွာ၌ လည်လှီး သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံအချို့ထံကသိရသည်။
” ခေါ်သွားတာကတော့ မနေ့ည(ဖေဖေါ်ဝါရီ၂၀ရက်ည)ကတည်းက ခေါ်သွားတယ်။ အလောင်းကိုတော့ ဒီနေ့မနက် လိုက်ရှာတော့ နွားစာစဉ်းထားတဲ့ နွားစာပုံထဲကနေ ပြန်ဖော်ပြီး တွေ့ခဲ့တယ်” ဟု အုန်းတောရွာသား တစ်ဦးက MPA သို့ ပြောသည်။
ယနေ့နံနက်တွင် ကိုဖိုးကို၏ အလောင်းကို ဒေသခံကာကွယ်ရေးတပ်များက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မြေမြှုပ်ပေးခဲ့ကြောင်း သိရသည်။
ခွေးဘီးလူးစစ်ကြောင်း လာနေသည်ကို ကံကြီးကုန်းရွာခံများက သိရှိသဖြင့် ကြိုတင်ရှောင်ရှားသွား ကြပြီး ကိုဖိုးကိုမှာမူ ရွာ၌ အစောင့်အဖြစ် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
” ဒီပဲယင်း၊ရေဦးကို မွှေနှောက်ပြီး လူသတ် အကြမ်းဖက်တဲ့ စစ်ကြောင်းပါ။အခုလည်း ရွာကိုဝင်ပြီး တွေ့တဲ့သူ PDF လို့စွပ်စွဲပြီး သတ်သွားတာ။ အသတ်ခံရတဲ့သူက ရွာသားစစ်စစ် ဘာသေနတ်မှလည်း ကိုင်တာ မဟုတ်ဘူး” ဟု LOCAL PDF သတင်း Page တာဝန်ခံက ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ရေဦးမြို့နယ်မှ တန့်ဆည် မြို့နယ်၊ ကံသာယာရွာသို့ ဖေဖေါ်ဝါရီ ၁၉ရက်နေ့ကဝင်ရောက်လာခဲ့ပြီး ယနေ့ (ဖေဖော်ဝါရီ ၂၁ရက်) နေ့ခင်း ၁၂ နာရီခန့်က ကံထူးမကျေးရွာနှင့် တစ်မိုင်အကွာ ရှိ ချောင်းဆုံရွာအနီးနှင့် သပြေရင်းရွာအနီးတို့တွင် ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၂၁ရက်) မွန်းလွဲပိုင်း တွင် ယင်းစစ်ကြောင်းကြောင့် လက်ဆည်၊အင်တော၊လယ်တီး၊လယ်မ၊အင်လျားရှည်၊ကံကလေးကုန်းနှင့် ကျောင်းကုန်း ရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့ထံက သိရသည်။
ယနေ့ညနေ ၆နာရီတွင် ခွေးဘီလူးစစ်ကြောင်းသည် ကံထူးမရွာသို့ ရောက်ရှိနေကြောင်း သိရသည်။
ခွေးဘီးလူးစစ်ကြောင်းသည် ခမရ – ၇၀၈ တပ်ရင်းမှ စစ်ကြောင်းဖြစ်သည်။