စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ရှိ လူငယ်အများအပြားသည် အလုပ်မှနုတ်ထွက်ကုန် သဖြင့် ပုဂ္ဂလိက ကုမ္ပဏီများ လုပ်ငန်းလည်ပတ်ရာတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း MPA ကစုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီ ၁၀ရက်က စတင် အသက်ဝင်လာသည့် အဆိုပါ စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီတပ်ထဲ မဝင်လိုသည့် လူငယ်အများအပြားသည် ပြည်ပသို့ ထွက်ခွာရန် စီစဉ်နေခြင်းကြောင့် အလုပ်မှနုတ်ထွက်သူများလာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ရှိ လူငယ်များကပြောသည်။
” ကျတော်တို့ ဒီအတိုင်းနေရင် ဆင့်ခေါ်စာ ရောက်လာမှဆို အဆင်မပြေဘူး။ ကြိုထွက်မှ ရမယ်။ အဲ့ဒါကြောင့် အိမ်ကလည်း သဘောတူတယ်။ အလုပ်ထွက်လိုက်တယ်။ စင်္ကာပူဘက်ပဲ သွားဖို့ စီစဥ်နေတယ်” ဟု ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၌ Events Planner အဖြစ် လုပ်ကိုင်နေသူ လူငယ်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ အလုပ်မှ ရုတ်တရက်နုတ်ထွက်သူများလာသဖြင့် လုပ်ငန်းရှင်များအတွက် လုပ်ငန်းဆက်လက် လည်ပတ်ရန် ကျွမ်းကျင်ဝန်ထမ်း ရှာမရခြင်း၊ နုတ်ထွက်သွားသည့် ဝန်ထမ်းနေရာတွင် လူအစားထိုးရန် မရှိခြင်းများ ကြုံလာရကြောင်း ရန်ကုန်မြို့ရှိ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ ရက်ပိုင်းအတွင်း ထွက်ကုန်တာ၊ resign တင်တာတွေများလာတယ်။ သူတို့က တပ်ထဲ မဝင်ရဖို့ အာမခံချက်ပေးမလားပြောတယ်။ ကျတော် ဒါကို မတတ်နိုင်ဘူး။ ကျတော့်တို့ဆီကိုလည်း စစ်မှုထမ်းရမယ့် ဝန်ထမ်းကို လစာ ၂လစာပေးဖို့ ပြန်လာရင် အလုပ်ပြန်ခန့်ဖို့ စာရောက်ထားတယ်” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ယခုကဲ့သို့ အလုပ်ထွက်သူများလာသဖြင့် လုပ်ငန်းရှင်များသည် စာချုပ်ချုပ်ထားသည့် ဝန်ထမ်းများကို စာချုပ်ဖြင့် အကျပ်ကိုင်ခြင်းများ ပြုလုပ်နေကြောင်း၊ စစ်ကောင်စီတပ်သို့ မဝင်ရရေးအတွက် ကြိုးစားနေသည့် လူငယ်များကို လုပ်ငန်းစာချုပ် တစ်ခုဖြင့် ထိန်းချုပ် အကျပ်ကိုင်ခြင်းမှာ မဖြစ်သင့်ကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုသည်။
“ ကျမတို့ အလုပ်သမားတွေ အနေနဲ့က အခု အခြေအနေမျိုးမှာ စကစကလည်း စစ်မှု့ထမ်းဥပဒေနဲ့ ခြိမ်းခြောက်သလို အလုပ်ရှင်ကလည်း စာချုပ်နဲ့ ခြိမ်းခြောက်မှာပါဘဲ၊ သူတို့ ဘောင်ထဲ က ခြိမ်းခြောက်လို့ ရတာပဲပေါ့၊ ကျမတို့အလုပ် သမားတွေက ရန်သူတွေ ဝိုင်းနေတဲ့အခြေအနေရောက်နေတာ၊ အဓိကရန်သူကို ကြောက်လို့ ထွက်ပြေးဖို့ အတွက်ကလည်း ကျန်တဲ့ အချက်တွေလည်း ရင်ဆိုင်နေရမှာပါဘဲ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် မြို့ကြီးအများစုတွင် လူငယ်များ မကြာခဏ ဖမ်းဆီးခံရပြီး၊ ငွေတောင်းခံရမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လုံခြံမှု၊ ဘ၀အာမခံချက် မရှိတော့သည်ဟု လူငယ်များက ယူဆလာသဖြင့် ပြည်ပသို့မဟုတ် လွတ်မြောက်နယ်မြေများသို့ ထွက်ခွာရန် ကြိုးစားနေခြင်းလည်းဖြစ်သည်။