ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် စစ်တပ်အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်ကထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်ဝန်ထမ်းများနှင့်အုပ်ချုပ်ရေးမှူးများက ဖိအားပေးခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတောင်သူများထံက စုံစမ်းသိရှိရသည်။
NLD အစိုးရလက်ထက်က မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ၁ ဧကလျှင် ကျပ်တစ်သိန်းခွဲနှင့် ဆောင်းသီးနှံ ၁ ဧက ကျပ်တစ်သိန်းတို့အပြင် ကိုယ်ဗစ်ကာလ တောင်သူများအားထောက်ပံ့ချေးငွေတစ်ဧကကျပ် ၅ သောင်းတို့ ထုတ်ချေးခဲ့ပြီး အဆိုပါချေးငွေများကိုယခုဆောင်းသီးနှံပေါ်ချိန်ပြန်မဆပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း မိုးညိုမြို့တွင်နေထိုင်သည့် အသက် ၅၀အရွယ် တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
“အခုပဲပေါ်ချိန်မှမဆပ်နိုင်ရင် တရားဆွဲထောင်ချမယ်တဲ့၊ အုပ်ချုပ်ရေးမှူးရုံးမှာခေါ်ပြောတာ၊ ဘဏ်ဝန်ထမ်းတွေလဲပါတယ်၊ နောက်ရက် မြို့နယ်ထွေအုပ်ရုံးကို တစ်ခါခေါ်ဦးမယ်ပြောတယ်၊ ကျွန်တော်တို့ရွာမှာမဆပ်နိုင်တဲ့သူကများတယ်၊ အခုလိုကြီးလာပြောနေတော့ မရှိ၊ ရှိတာရောင်းဆပ်ရတော့မယ့် အခြေနေဖြစ်နေပြီ”ဟု ၎င်းကရှင်းပြသည်။
သာယာဝတီမြို့နယ်တွင်လည်း ဘဏ်ကြွေးမကျေသည့် တောင်သူများကို ဖမ်းဆီးနေသဖြင့် မိသားစုများက အိမ်ခြံမြေများရောင်းချကာ ဘဏ်ကြွေးလိုက်ဆပ်နေရကြောင်း အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
“ထောင်တော့အကျမခံနိုင်ဘူး။ မရှိရှိတာရောင်းပြီးဆပ်နေရတာ၊ မဆပ်ချင်လို့မဆပ်တာမဟုတ်ပါဘူး။ အန်တီတို့မရှိလို့ကို မဆပ်နိုင်တာ၊ အန်တီကတော့ လယ်ပေါင်ဆပ်ထားတယ်၊ တချို့ကတော့ လယ်တောင်မရှိတော့ အိမ်ခြံရောင်းဆပ်နေကြတယ်”ဟု ၎င်းက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဒေါ်လာဈေးများမြင့်တက်လာမှုကြောင့် စိုက်ပျိုးသွင်းအားစုကုန်ကြမ်းပစ္စည်းများပါ ဈေးနူန်းမြင့်တက်လာသည့်အပြင် ရာသီဥတုဖောက်ပြန်မှုများကြောင့် တောင်သူများ အမြတ်မရရှိဘဲ အရှုံးများနေသောကြောင့် ဘဏ်ကြွေးမဆပ်နိုင်ခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့တွင်နေထိုင်သည့် အသက် ၄၀ အရွယ်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အစ်ကိုတို့ဆီလည်းတောင်းနေကြတာပဲ၊ မဆပ်ချင်လို့မဆပ်တာမဟုတ်ပါဘူး။ အစ်ကိုတို့က နိုင်ငံရေးလည်းဘာမှနားမလည်ဘူး။ တစ်နေ့တာ မိသားစုစားဝတ်နေရေးမနည်းရုန်းကန်နေရတာ၊ ကိုင်းတွေ၊ လယ်တွေက ဘာမှ အမြတ်မရဘူးလေ၊ နှစ်တိုင်းရှုံးနေတာ၊ အခုနှစ်မတ်ပဲဈေးလေးကောင်းတော့ဆပ်နိုင်မယ်ထင်တာ အပင်တွေက သေကုန်တော့ အရင်းရအောင်မနည်းလုပ်နေရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီလက်အောက်ခံများအနေဖြင့် စိုက်ပျိုးရေးဘဏ်ချေးငွေအပြင် သမဝါယမချေးငွေများပါ ပြန်လည်တောင်းယူနေပြီး မဆပ်နိုင်သူများကိုလည်း ဖမ်းဆီးထောင်ချမည်ဟုပြောဆိုနေကြောင်းသိရသည်။