ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သတိခဲ့သည်။
ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်းဟုခေါ်ဆိုသော တိုင်းဗဟို ၉ လေ့ကျင့်ရေးသင်တန်းကျောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်ကပင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းသင်တန်းကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မင်းပြားမြို့ခံတစ်ဦးက“ကျွန်တော်တို့ သိရသလောက်တော့ တိုင်းဗဟို ၉ ကို တပ်တော်က ဝိုင်းထားတာ ကြာပြီ။ တိုင်းဗဟို ၉ က မြို့နဲ့တော့ နည်းနည်းအလှမ်းဝေးတယ်။ မင်းပြားမြို့ကို တပ်တော်က မသိမ်းခင် လက်နက်ကြီးတွေနဲ့ အဲ့ဒီက လှမ်းပစ်တာတွေ ရှိတယ်။ သူတို့ဆီက မြို့ပေါ်ကို လက်နက်တွေနဲ့ လှမ်းပစ်လို့ အိမ်တွေ မီးလောင်တာတွေလည်း ရှိသလို၊ လူတွေ ထိခိုက်တာမျိုးတွေလည်း ရှိတယ်”ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် ခုခံစစ်နှင့် ခွာစစ်မှလွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏ အထိုင်စခန်းများကိုသာ အသည်းအသန်ခုခံကာကွယ်နေရပြီး ၎င်းတို့၏ တပ်စခန်းများတွင် အင်အား ၁၀၀ အောက်ရှိသော စခန်းများကို ရက္ခိုင့်တပ်တာ်အနေဖြင့် တစ်ပတ်အတွင်း သိမ်းပိုက်ရယူထားနိုင်ကြောင်း သိရသည်။
“စစ်ကောင်စီတပ်ရဲ့ ပြိုကွဲမှုကတော့ ပထမစစ်မျက်နှာဖြစ်တဲ့ ရှမ်းမြောက်မှာ တွေ့ရမှာဖြစ်တယ်။ အခု ဒုတိယစစ်မျက်နှာဖြစ်တဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြိုကွဲမှုကို တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ပြိုကွဲမှုတွေက မကြာခင်အချိန်အတွင်းမှာ ပိုပြီးမြန်ဆန်သွားလိမ့်မယ်”ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က MPA ကို ပြောသည်။
စစ်ကောင်စီ၏ ခုခံစစ်နှင့် တောင့်ခံနိုင်ရည်စွမ်းအားတို့သည် တစ်ရက်ပြီးတစ်ရက် ကျဆင်းလျက်ရှိပြီး ဤသည်မှာ ရက္ခိုင့်တပ်တော်အတွက်သာမက စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းတိုင်းအတွက် မဟာအခွင့်အရေးဖြစ်သောကြောင့် ယင်းအခွင့်အရေးအား အမိအရဆုပ်ကိုင်ကာ အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြရန်လည်း ရက္ခိုင့်တပ်တော် AA ကတိုက်တွန်းထားသည်။
‘