ပဲခူးတိုင်း၊ ဝေါမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်မောင်အေးသည် စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်တွင် နာမကျန်းဖြစ်ကာ ဖေဖော်ဝါရီ ၂ဝ ရက်တွင် ကျဆုံးသွားကြောင်းတော်လှန်ရေးရဲဘော်များထံက စုံစမ်းသိရှိရသည်။
ကျဆုံးသွားသောရဲဘော်သည် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ဦးပိုင်းကတည်းက တော်လှန်ရေးအဖွဲ့အစည်းအတွင်းသို့ရောက်ရှိလာသူဖြစ်ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံရဲဘော်တစ်ဦးက ပြောသည်။
“ကျန်းမာရေးမကောင်းတာပေါ့၊ သူမှာက အရေးပြားလေးဘက်နာ ရောဂါရှိတယ်လေ၊ ခုရာသီဥတုက အေးတော့ အဲဒီရောဂါက ပိုဖြစ်လာတာ၊ သူ့ရောဂါအတွက်ကုစရာဆေးလည်းမရှိဘူး။ နေရာထိုင်ခင်း၊ အဝတ်ထည်ကအစ နွေးနွေးထွေးထွေးမနေရဘူး။ နောက်ဆုံးတော့ဆုံးသွားရတယ်”ဟု ၎င်းကရှင်းပြသည်။
ကျဆုံးသွားသောရဲဘော်၏ မိသားစုများအား အကြောင်းကြားပြီးနောက် ရှေ့တန်းတစ်နေရာမှာပင် အလေးပြုသင်္ဂြိုဟ်ပေးခဲ့ကြောင်း ရှေ့တန်းရောက် ရဲဘော်တစ်ဦးကပြောသည်။
“အရမ်းအားကိုးရတယ်၊ သူကရှေ့တန်းတာဝန်ယူထားတယ်၊ ကြိုက်တဲ့တာဝန်ပေး မခိုမကပ်နဲ့အမြဲတက်တက်ကြွကြွအလုပ်လုပ်တယ်၊ ကျန်းမာရေးမကောင်းတာတောင်ဇွဲမလျော့ဘူး။ အမြဲတမ်းရှေ့တန်းလိုက်ဖို့အဆင့်သင့်ပဲ၊ ကျွန်တော်တို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုတစ်ခုပဲ”ဟု ၎င်းကဆိုသည်။
အဆိုပါ ရဲဘော်မောင်အေးကျဆုံးသွားခြင်းကြောင့် ရဲဘော်ရဲဘက်အားလုံးဝမ်းနည်းကြေကွဲဖြစ်နေရပြီး ၎င်းဖြစ်စေချင်သည့်စစ်အာဏာရှင်ကျရှုံးရေးကို ဆက်လက်အခိုင်အမာကြိုးစားသွားမည်ဖြစ်ကြောင်း ဝေါမြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
“ပြည်သူတွေကိုလည်းပြောချင်တယ်၊ ရှေ့တန်းမှာ ကလေးတွေ(ရဲဘော်တွေ)ဒုက္ခရောက်တဲ့သူကရောက်၊ သေတဲ့သူကသေနေကြပြီ၊ ပြည်သူတွေအနေနဲ့တတ်နိုင်တဲ့ဘက်က ပူပေါင်းပါဝင်ပေးကြပါ၊ ဒီထက်ပိုပြီးတော်လှန်ရေးကို အားစိုက်ကူညီပံ့ပို့ပေးကြပါ၊ ဒါမှ စစ်အာဏာရှင်ကိုအမြန်ဆုံးအမြစ်ပြတ်မှာ၊ လက်ရှိပြည်သူတွေပူပေါင်းပါဝင်မှုကအများကြီးလိုအပ်သေးတယ်”ဟု ၎င်းက တိုက်တွန်းခဲ့သည်။
ဝေါမြို့နယ်တွင် မကြာသေးမှီရက်ပိုင်းက CDM ဝန်ထမ်းများနှင့် NLD တက်ကြွက်လှုပ်ရှားသူအများပြားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး အနည်းငယ်သာ ပြန်လည်လွတ်မြောက်လာသေးသည်။