စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၁ရက်) နံနက် ၂နာရီခန့်တွင် စစ်သား၊ရဲနှင့်ပျူစောထီးစုစုပေါင်းအင်အား ၃၀ခန့်ရှိ ကံထူးမရွာရဲစခန်းကို ဒေသခံ PDF တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နံနက်၃နာရီခန့်၌ စစ်တပ်က ဂျက်ဖိုက်တာ ၂ စင်းနှင့် တိုက်ခိုက်ရေးရယာတ်ယာဥ် ၁စင်းတို့ဖြင့် ပစ်ကူခဲ့ကြောင်း ဒေသခံအချို့ထံကသိရသည်။
“ အကြိမ် ၂၀ ရှိနေပြီ ။အခု နေ့ခင်း ၁၂ နာရီအထိ ဆက်တိုက် နားကိုမနားဘူး။ အထိအခိုက်တော့ ရှိတယ် ။လတ်တလော အတည်ပြုလို့မရသေးဘူး” ဟု တန့်ဆည် ပကဖ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ထိခိုက်ဒဏ်ရာရထားသူတို့မှာ တန့်ဆည်မြို့နယ်၊ ပကာကျေးရွာသား ၂ ဦးဖြစ်ပြီး လက်ရှိတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
ထို့အပြင် မြေပြင်တွင်လည်း အင်အား ၁၀၀ခန့်ရှိ ခွေးဘီလူးစစ်ကြောင်းသည် ကံထူးမကျေးရွာ အနီးကို ရောက်ရှိနေပြီး PDF တပ်တို့နှင့် ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ မနက်အစောကြီးကစ လေယာဥ်တွေဝဲတော့ အိမ်က အဘိုး၊အဘွားတွေကို ကားနှင့် တင်ပို့ စားစရာနည်းနည်း ယူပြီး လေကြောင်းရန် နည်းနည်းအဆင်ပြေမယ့်ရွာကို သွားရှောင်နေရတယ်။ မနက်က ရွာကထွက်ခဲ့တော့ မီးခိုးတွေ အူနေတာတော့ တွေ့ခဲ့ရတယ်။ထမင်းလည်း မနက်ကနေ အခုထိ မစားရသေးဘူး” လို့ ကံထူးမရွာသားတစ်ဦးက ဆိုသည်။
ကံထူးမရဲစခန်းကို PDF တပ်ဖွဲ့တို့က သိမ်းနိုင်ပြီဟု သတင်းများထွက်ပေါ်လျက်ရှိပြီး MPA သတင်းဌာနက တန့်ဆည်မြို့နယ်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ဇီးကွက်ကို ဆက်သွယ်မေးမြန်းခဲ့ရာ အတည်ပြုနိုင်ခြင်း မရှိသေးကြာင်း ဖြေကြားခဲ့သည်။
ကံထူးမရွာတိုက်ပွဲနှင့် နှစ်ဘက် ထိခိုက်မှုအခြေအနေကို MPA အနေနှင့် စုံစမ်းနေဆဲဖြစ်သည်။