တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နယ်၊ ထား၀ယ်-ထီးခီး လမ်းပေါ်၊ သင်္ကန်းတုန်းကျေးရွာတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနှင့် ကား ၁၇စီးပါ ရိက္ခာယာဉ်တန်းကို နှစ်ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စစ်သား လေဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ဗထူးတပ်မတော် (BHA)က ယမန်နေ့(ဖေဖော်ဝါရီ ၁၉ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ရက်တွင် အင်အား ၃၀၀ခန့်ရှိ စစ်ကောင်စီယာဉ်တန်းကို သင်္ကန်းတုန်းကျေးရွာ၌ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြာရေးဌာန တာဝန်ရှိသူ ရဲဘော်ထက် မြက်က ပြောသည်။
“ တိုက်ပွဲက ၁၈ရက် နေ့လယ်၁၁ နာရီမှာတစ်ကြိမ်၊ ညနေ ၄ခွဲလောက်မှာ တကြိမ်၊ ၁၈ ရက်နေ့မှာကတော့ မနက်ပိုင်းဗျ၊ရိက္ခာ အပြည့်နဲ့ဆိုတော့ ထီးခီဘက် ရိက္ခာဖြည့်သွားမယ့် စစ်ကြောင်းလို့ယူဆရတယ်ဗျ၊ တိုက်ပွဲသုံးကြိမ်မှာ ကျတော်တို့ စနိုက်ပါ လက်ချက်နဲ့ စစ်သား ၄ယောက်သေဆုံးတာကို မျက်မြင်အတည်ပြုလို့ရတယ်။ ကျန်တဲ့ထိခိုက်သေဆုံးမှုတွေလဲရှိနိုင်တယ်။ ဒါပေမဲ့ အသေးစိတ်အတည်မပြုနိုင်သေးဘူး “ ဟု၎င်းက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
“ ပထမတစ်ကြိမ်ပြီးတာနဲ့ စစ်ကြောင်းကရပ်သွားတယ်။ နောက်ပြီး သင်္ကန်းတုန်းရွာမှာ နားနေတဲ့အချိန်မှာ နှစ်ကြိမ်ထပ်တိုက်ခဲ့တာ၊ ကျတော်တို့ဘက်က လက်နက်ငယ်နဲ့စနိုက်ပါပဲ အသုံးပြုခဲ့တာ” ဟု၎င်းက ပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ ယာဉ်တန်းသည် သင်္ကန်းတုန်းကျေးရွာမှ ထွက်ခွာပြီးနောက် ၀ကုန်းရွာဘက်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ပြည်သူများ သတိပြုသွားလာရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။
အထက်ပါတိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA)၊ ထားဝယ်စုပေါင်းစစ်ကြောင်း (DCC) နှင့် Dawei Defense Team (DTT) တပ်ခွဲ(၂) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။