မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခံသင်းတံတားဂိတ်ကို ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက် ၇ နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က MPA ကို ပြောသည်။
” ကျွန်တော်တို့ လူအင်အား ၂၀ နဲ့ဝင်လုံးတယ်။ အရှေ့မှာ ပိုက်ဆံထွက်ကောက်နေတဲ့ ၄ ယောက်ကို ပိုင်ပိုင်နိုင်နိုင်ပစ်နိုင်ခဲ့တယ်။ သူတို့စခန်းဝင်းထဲမှာ ၁၅ ယောက်လောက်ရှိမယ်။ အပြန်လှန်ပစ်ကြတာ ၃၀ မိနစ်လောက်ရှိတယ်။ ဒေသခံတွေပြောချက်အရ ၄ ယောက်သေတာ အတည်ပြုနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ တံတားဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းကိုဝိုင်းကာ လက်နက် ဝင်ကောက်ရန် စီစဉ်ထားခဲ့သော်လည်း စခန်း၏ ပတ်ပတ်လည်တွင် မိုင်းများထောင်ထားသဖြင့် စခန်းအတွင်းသို့ဝင်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
“ ကားလမ်းမကနေ ခြံစည်းရိုးကို ဝင်တဲ့အပေါက်ကတော့ မိုင်းလွတ်တယ်ဆိုပေမယ့် အဲ့ဒီအပေါက်မှာရှိတဲ့ ဘန်ကာထဲကကောင်က ကျွန်တော်တို့ ဝင်ဖို့လုပ်တဲ့အချိန်မှာ အသင့်စောင့်ပစ်တယ်။ ဝင်တာနဲ့ပစ်ဆိုတော့ ကျွန်တော်တို့ဝင်လို့မရခဲ့ဘူး။ အဲ့ဒီကနေ ကျွန်တော်တို့ ဆုတ်လမ်းကလည်း ဝေးတော့ ပြန်လည်ဆုတ်ခွာခဲ့တယ်” ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။
တိုက်ပွဲအတွင်း တံတားဂိတ်အနီးရှိ စစ်ကောင်စီတပ်များဖြစ်သော ခမရ ၅၈၆၊ ၃၄၃ ၊ ၅၈၃၊ ၅၉၁ တို့မှ ၈၀ မမ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်မှုများရှိခဲ့သော်လည်း ရေးဘီလူးတပ်ဖွဲ့ဝင် ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
” မနေ့က ပစ်ခတ်မှုတွေဖြစ်တော့ ရေး-ထားဝယ်လမ်းပိုင်း တစ်ရက်ပိတ်ဆို့မှုတော့ဖြစ်သွားတယ်။ ဒီနေ့ မနက်တော့ ပုံမှန်ပဲသွားလာလှုပ်ရှားနေကြပါပြီ ” ဟု ရေးမြို့နယ်အတွင်း ပြည်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်ကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီ၏ အနင်းကျေးရွာရဲစခန်းကို ရေးဘီးလူးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သေးသည်။