စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC) ၃နှစ်ပြည့် အခမ်းအနားကိုယနေ့(ဖေဖေါ်ဝါရီ၂၀ရက်) ကျင်းပခဲ့သည်။
ယင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက Zoom Meeting အနေနှင့် ကျင်းပခဲ့ပြီး သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
“ ၃နှစ်ပြည့်ကနေအဓိက GSC ကဘာတွေတိုက်တွန်းချင်သလဲဆိုတော့ တော်လှန်ရေးအသွင်သဏ္ဍာန်ဆောင်သော နောက်တခုကတော့ တိုက်ပွဲအသွင်သဏ္ဍာန်ကို ဖော်ဆောင်နိုင်သော တပ်ပေါင်းစု၊ မူဝါဒအားဖြင့် ခိုင်မာသော နိုင်ငံရေးအင်အားစုအသီးသီးပါဝင်သော တပ်ပေါင်းစုတခုကိုတည်ဆောက်ပြီးတော့ ဒီကနေ နိုင်ငံရေးအရ၊ စစ်ရေးအရပေါင်းစည်းကာ သွားမှ သာ ကျနော်တို့သွားချင်တဲ့ တော်လှန်ရေးရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဒီစစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ အခြေခံဖွဲ့စည်းပုံဥပဒေဖျက်သိမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို သွားနိုင်မှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အပါအဝင် ကျနော်တို့ရဲ့ တော်လှန်ရေး မဟာမိတ်အင်အားစုများအနေဖြင့် နိုင်ငံရေးအင်အားစုအကုန်လုံးပါဝင်တဲ့ မူဝါဒအားဖြင့် ခိုင်မာပြီး၊ လက်တွေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်တဲ့ တပ်ပေါင်းစုတခုကို တည်ဆောက်ရန်လိုအပ်နေပြီဆိုတာပါ” ဟု GSC ညှိနှိုင်းရေးမှူး ကိုမျိုးသူရက ပြောသည်။
စစ်ကောင်စီ၏ မအောင်မြင်သော အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC) ရဲဘော် ၂၀၀ဝန်းကျင် ဖမ်းဆီးခံထားရကာ ရဲဘော် ၂၀ ကျဆုံးခဲ့ကြောင်း GSC ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၂၀၂၁မတ်လ ၃ရက်နေ့ က GSCသပိတ်စစ်ကြောင်းကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းပြီးတော့ GSCက ရဲဘော် ၄၀၀လောက်ကို တစ်ကြိမ်တည်းဖမ်းခဲ့တယ်။ တချို့ကပြန်လွတ်လာခဲ့တယ်။တချို့ရဲဘော်တွေဆိုရင်ထောင်ထဲမှာ ဒီနေ့အထိ ကျန်ခဲ့တယ်။ ပြီးတော့တောက်လျှောက် movement တွေလုပ်တယ်။ ကျနော်တို့ လှုပ်ရှားမှုတောက်လျှောက်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးခံရတဲ့ရဲဘော်တွေရှိတယ်။ ရဲဘော်ကေဇဝင်းတို့၊ ရဲဘော်ညီမင်းသူတို့ ရက်ရက်စက်စက်ပစ်သတ်ခံရတာတွေရှိတယ်။ သေဒဏ်ကျခံထားရတဲ့ရဲဘော်တွေလည်း ကျွန်တော်တို့ဆီမှာရှိတယ်။ လက်ရှိမှာ ဒါတွေကို GSC အနေနဲ့ စာရင်းကောက်ယူနေတာရှိတယ်။ စာရင်းအတိအကျရတဲ့အခါလူထုကိုချပြဖို့ရှိတယ်။ အခုက စာရင်းအတိအကျမရသေးဘူးပေါ့ လုံခြုံရေးအခက်အခဲရှိနေတာတွေကြောင့်ပေါ့” ဟု ၎င်းက ပြောသည်။
GSCရဲဘော် ၂၀သည် စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခြင်းတို့ကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း MPAကစုံစမ်းသိရသည်။