စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ အိမ်ထောင်စု ၇၀၀ကျော်သည် ဒီပဲယင်းမြို့နယ်တွင် ၁နှစ်ခွဲကျော်ကြာ စစ်ဘေးရှောင်နေကြရကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစောထီးများ နှောင့်ယှက်မည်ကို စိုးရိမ်သောကြောင့်(ယနေ့ ဖေဖော်ဝါရီ ၂၀ရက်)အထိ နေရပ်သို့ မပြန်နိုင်ဘဲ ဒီပဲယင်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေရ ခြင်းဖြစ်သည်။
” အဓိကကတော့ ပျူစောထီးတွေကနေပြီး သူတို့နဲ့ ပူးပေါင်းဖို့ လာမဲဆွယ်နေကြတာမျိုးတွေ၊ ကင်းစောင့်ခိုင်းတာမျိုးတွေရှိတယ်။ သူတို့ခိုင်းသလို မလုပ်ရင်လည်း ဝိုင်းပြီး နှိပ်ကွပ်ကြတယ်။ NLD အမာခံအိမ်တွေဆို မီးရှို့ခံရတာမျိုးတွေ ကြုံကြရတယ်။ အဲဒါကြောင့်မလို့ တိမ်းရှောင်နေကြရတာပါ ” ဟု ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှ ပြည်သူများနေရပ်ကို စွန့်ခွာခဲ့ကြမှုများကြောင့် ညောင်ကိုင်း၊ ဇီးဖြူကုန်းစသည့် ကျေးရွာများတွင် ပျူစောထီးများသာ ကျန်ရှိခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေကြရသည့် အိမ်ထောင်စုပေါင်း ၇၀၀ကျော်သည် ယခုလက်ရှိအချိန်ထိ နေစရာအခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” အစကတော့ စစ်ဘေးရှောင်ပြည်သူတွေက သူတို့နဲ့ ရင်းနှီးတဲ့သူတွေရဲ့အိမ်တွေမှာ အမှီပြုပြီး နေနေကြတာပေါ့၊ရေရှည်မှာ အားနာလာကြတယ်။ အဲဒီတော့ တချို့ဆိုလည်း ဘုန်းကြီးကျောင်းတွေမှာ ပြောင်းပြီး နေနေကြတယ်။ တချို့ဘုန်းကြီးကျောင်းတွေမှာဆို အိမ်ထောင်စု ၃၀၊ ၄၀လောက်စုပြီး နေကြတယ်။ တချို့ဆိုလည်း လမ်းဘေးမှာ တဲလေးတွေ ထိုးပြီး နေရတယ်။ သူတို့ရဲ့ ဇာတိလည်း မဟုတ်တဲ့ကြားက နေစရာအခက်အခဲကတော့ စိန်ခေါ်မှုတစ်ခုပါပဲ ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အရပ်သားအိမ်ခြေ ၇၈,၀၀၀ ကျော် ပျက်စီးခဲ့ရကြောင်း Data For Myanmar အဖွဲ့၏ မှတ်တမ်းများအရ သိရှိရပြီး ၎င်းတို့အနက် စစ်ကိုင်းတိုင်းသည် မီးရှို့ဖျက်ဆီးခံရမှု အဆိုးရွားဆုံးဖြစ်သည်။