စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးနေသောကြောင့် တောင်သူများ နွေစပါးမစိုက်နိုင်ဘဲ အခက်အခဲဖြစ်နေကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ရက်မှစတင်ကာ လက်ရှိအချိန်ထိ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးနေသဖြင့် တောင်သူများ လုပ်ငန်းမလုပ်ကိုင်နိုင်ဘဲ အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ စစ်ကြောင်းထိုးနေတဲ့အချိန်ဆို တောင်သူတွေက ကိုယ့်အိမ်ကိုယ်တောင် ခိုးကြောင် ခိုးဝှက်နဲ့ ပြန်နေကြရတာလေ၊ စစ်ကြောင်းက သုံးမိုင်လောက်ရောက်နေပြီဆို ကျတော်တို့က ညဘက်ကို အိပ်တောင် မအိပ်ရဲ တော့ဘူး။ ပြေးဖို့ ပြင်နေရပြီ အခုချိန်ထိ စစ်ဘေးရှောင်နေရပါတယ။အခက်အခဲကတော့ တော်တော်လေး ကြုံတွေ့နေရပါတယ် “ ဟု ရေဦးမြို့နယ်၊ နှောကုန်းရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ရေဦးမြို့နယ်သည် တစ်နှစ်လျှင် နွေ၊ မိုး၊ ဆောင်း သုံးရာသီ စပါးစိုက်ပျိုးနိုင်ပြီး လယ်တစ်ဧကလျှင် စပါး တင်း ၇၀မှ တင်း ၁၀၀ကျော်အထိ ထွက်နှုန်းရှိသောကြောင့် ယခုကဲ့သို့ နွေစပါးမစိုက်နိုင်ပါက တောင်သူများအတွက် အလွန်နစ်နာကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ယခင်နှစ်တွင်လည်း နွေစပါးစိုက်ပျိုးနိုင်ခဲ့သော်လည်း စစ်ကောင်စီ စစ်ကြောင်းထိုးမည်ကို စိုးရိမ်သောကြောင့် တောင်သူများသည် နွေစပါးများကို ရသည့်စျေးဖြင့် ရောင်းချခဲ့ရသဖြင့် အရှုံးပေါ်ခဲ့ကြောင်း ရေဦးမြို့နယ်၊ ဇ၀ကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။
” အရင်နှစ်ကတော့ စိုက်ခဲ့ရတယ်။ ဒါပေမယ့် စစ်ကြောင်းက ဘယ်အချိန်ထိုးမယ်မှန်း မသိဘူးလေ၊ အိမ်မှာ မထားရဲဘူး။ တခြားနေရာတွေမှာ စပါးတင်း ၁၀၀ကို သိန်း၄၀လောက်ပေါက်ဈေးရှိနေပေမဲ့ ကျတော်တို့က ၃၅သိန်းလောက်နဲ့ ရောင်းရတယ်။ မီးရှို့ခံရရင် ကိုယ့်ရဲ့ချွေးနည်းစာလေးတွေ တစ်ပြားမှတောင် ရမှာမဟုတ်ဘူးလေဆိုပြီး ရတဲ့ဈေးနဲ့ပဲ ရောင်းနေကြရတယ် ” ဇဝကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ရေဦးမြို့နယ်သို့ စစ်ကောင်စီက နှစ်လဆက်တိုက် ၉ကြိမ်ထက်မနည်း စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံတောင်သူများ ယခုကဲ့သို့ အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။