စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပြီး စစ်တပ် အဝိုင်းခံထားရသောကြောင့် လေကြောင်းပစ်ကူရယူခဲ့ကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က MPA ကိုပြောသည်။
ယမန်နေ့ ( ဖေဖော်ဝါရီ ၁၉ ရက် )၊ မနက်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းသည် ရေဦးမြို့နယ်မှတဆင့် တန့်ဆည်မြို့ နယ် ရွာသာယာရွာသို့ ဝင်ရောက်ကာ ယင်းကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက် ၁၀နာရီခန့်တွင် မုံရွာနမခမှ Mi-35 ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထူးခန့်ဇော်(အမေ့သား)က ဆိုသည်။
” တိုက်ပွဲက မပြင်းထန်ဘူးဗျ၊ ဒါပေမဲ့ ကိုယ့်ဘက်ကရဲဘော်တွေ ဘေးပတ်ပတ်လည်ဝိုင်းထားတာကြောင့် စစ်ကြောင်းက ထွက်လမ်းပိတ်ပြီး မုံရွာနမခကို လေကြောင်းပစ်ကူလှမ်းတောင်းလို့ လာပစ်ကူပေးတာ ” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ရေဦး – တန့်ဆည်အစပ် တူမောင်းရွာ ၊ ရွာသာယာရွာအနီးဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ဘေးလွတ်ရာရှောင်တိမ်းပြီးဖြစ်သဖြင့် အရပ်သားထိခိုက်မှုမရှိခဲ့ကြောင်း ထူးခန့်ဇော်(အမေ့သား)က ရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစ၍ ရေဦးမြို့ပေါ်မှ ထွက်လာသော အင်အား ၈၀ခန့်ပါ ယင်းစစ်ကြောင်းသည် ရေဦး ၊ ဒီပဲယင်း ၊ တန့်ဆည်မြို့နယ်တို့ကို တောက်လျှောက် စစ်ကြောင်းထိုးလျက်ရှိကြောင်း ရေဦးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ကိုပေက ပြောသည်။
“ စစ်ကြောင်းက ရက်ရှည်နေတော့ ပြည်သူတွေ ဒုက္ခရောက်တာပေါ့၊ စားရေးသောက်ရေးအပြင် ကျွဲနွားတိရစ္ဆာန်တွေကလဲ လူနဲ့အတူ ခေါ်သွားရတာ၊ ကျတော်တို့ဘက်က ကျွဲကိုင်တာ ပိုများတယ်။ ပြည်သူတွေစားဖို့စီစဉ်ပေးတာကို ကျွဲတွေက စားမရလေ။ ထားခဲ့ရင်လဲ စစ်ကြောင်းရန်က ရှိသေးတယ် ” ဟု ကိုပေကပြောသည်။
အဆိုပါစစ်ကြောင်းကြောင့် ရေဦး – တန့်ဆည်နယ်အစပ်ရှိ တူမောင်း ၊ ဝက်သဲ ၊ မီးမောင်းကုန်း ၊ ဆပ်သေ ၊ အင်တော ၊ ပုဏ္ဏကား ၊ ဖလံဂုဏ် ၊ ရွာသာယာ ၊ ရတနာ ၊ ကုန်းရိုး ၊ ဖန်းကားဇင် ၊ ချောင်းရိုး ၊ သပြေပင် ၊ ထန်းတော ၊ ရွာကျဲ ၊ ဂွေးမှော်ကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၁သောင်းခန့် စစ်ရှောင်နေရကြောင်း ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
” ဒီစစ်ကြောင်းက ဇန်နဝါရီလဝက်ထဲကနေ ဆက်တိုက်ထိုးနေတာ။ အခုတစ်ခေါက်နဲ့ဆို တစ်လကျော်အတွင်းမှာ ၈ကြိမ်ရှိပြီ၊ စစ်ရှောင်ပြည်သူတွေအတွက်ကတော့ အဓိကလိုအပ်ချက်က စားနပ်ရိက္ခာပိုင်းပါပဲ၊ တတ်နိုင်သလောက် ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ် “ ဟု ၎င်းကဆိုသည်။
လက်ရှိတွင် စစ်ကြောင်းသည် ရေဦး – တန့်ဆည်ကားလမ်းအနီး ဖန်းခါးကျေးရွာသို့ ရောက်ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။