စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ခမရ – ၁၆ အနီးတွင် ခြေလျင် ကင်းပတ်နေသည့် စစ်သား ၂ ဦးကို PDF တို့ ပစ်ခတ်ခဲ့ပြီး သေနတ် ၂လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ရက်၊နံနက်၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား၂ဦးစလုံး ဒဏ်ရာရသွားကြောင်း သလ္လာသတီကာကွယ်ရေးတပ်ဖွဲ့(TLWDF)က သတင်းထုတ်ပြန်ထားသည်။
” မြို့ပေါ် ခရီးသွားပြည်သူတွေ၊လမ်းသွားလမ်းလာတွေကို စစ်ဆေး ၊ငွေညှစ်တဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့က သူတို့ လူခွဲ ကင်းပတ်တဲ့အချိန် ၂ဦးပဲရှိတာကို စောင့်တိုက်တာ။အသေတော့ မရလိုက်ဘူး။ဒဏ်ရာရပြီး ထွက်ပြေးသွားတာ ။သေနတ်ကိုတော့ အမြန်ကောက်ခဲ့တာ” ဟု TLWDF သတင်း ပြန်ကြားရေးတာဝန်ခံ က MPA သို့ပြောသည်။
စစ်သား တစ်ဦးမှာ လက်မောင်း ဒဏ်ရာရပြီး ကျန်တစ်ဦးမှာ ဗိုက်နှင့် ခြေထောက်တို့ ကျည်ထိမှန်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုမှ MA3 သေနတ် ၂လက်နှင့် ကျည် ၄၉ တောင့်တို့ သိမ်းဆည်ရရှိခဲ့သည်။
“သူတို့ လုံခြုံရေးယူတဲ့နေရာတစ်ဝိုက်မှာရှိနေတဲ့ သူတွေကိုတော့ အချိန်ကြာကြာ စစ်ဆေးတာမျိုး၊ဆိုင်ကယ် တူးဘောက်တွေ လှန်တာ၊ ဂိတ်နား ဆိုင်ကယ်ဆင်းတွန်းရတာမျိုးတွေ အချိန်ပိုယူပြီး စစ်ဆေးနေတယ်” ဟု မုံရွာမြို့ခံတစ်ဦးက ဆိုသည်။
ယင်းတိုက်ခိုက်မှုမှာ ၃ မိနစ်ခန့်သာ ကြာပြီး စစ်သားများက ပြန်လည်ပစ်ခတ်ခြင်း မရှိခဲ့ပေ။
ယင်းတိုက်ခိုက်မှုကို သလ္လာ၀တီကာကွယ်ရေးတပ်ဖွဲ့-TLWDF နှင့်အတူ မုံရွာM4တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်း လည်းသိရသည်။