ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်တိုက်တွန်းထားသည့် လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးနေကြောင်း ဒေသခံများက ဆိုသည်။
သာယာဝတီနှင့် သုံးဆယ်မြို့ပေါ်တွင် စစ်မှုထမ်းဟောင်းများ၊ စစ်သားများ၊ ရဲများ၊ ထွေအုပ်ဝန်ထမ်းများပူးပေါင်းကာ ဖေဖော်ဝါရီ ၁၉ ရက်၊ နေ့လည်ပိုင်းတွင် လမ်းသွား၊ လမ်းလာပြည်သူများအား လက်ကမ်းစာစောင်များလိုက်လံဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီမြို့နယ်အတွင်းရှိ အသက် ၂၀ အရွယ်လူငယ်တစ်ဦးကပြောသည်။
“ပထမ ဆိုင်ကယ်ဖမ်းတယ်ထင်နေတာ၊ တားထားတော့လေ၊ နောက်မှ စာစောင်တွေပေးတာ၊ မယူမနေရ အကုန်ပေးတာ၊ ကျွန်တော်တို့လည်းယူလာရတယ်၊ မယူရင်အပစ်ခံရမှာကြောက်တယ်ဗျ၊ သူတို့က သေနတ်တွေနဲ့ အသင့်ပြင်ထားတဲ့အနေထားတွေလေ”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီကဖြန့်ဝေသော စာစောင်များအတွင်း စစ်မှုထမ်းလျှင်ရရှိမည့် လစာခံစားခွင့်များ၊ စစ်မှုထမ်းဥပဒေကို မစိုးရိမ်ရန်ရေးသားထားသည့်စာများ၊ တော်လှန်ရေးနှင့် မီဒီယာများအပေါ် ပုတ်ခတ်ရေးသားထားသည့် စာသားအချို့ပါဝင်ကြောင်း လက်ပံတန်းမြို့နယ်အတွင်းနေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“အစ်မတို့မြို့လည်းဝေတယ်၊ သူတို့စာရွက်ထဲမှာသာ ၂ နှစ်ပြောတာ၊ တကယ်က သူတို့ပြောတဲ့ ၂ နှစ်တောင် နေရမှာမဟုတ်ဘူး ထွက်ရမှာ၊ အရှင်ထွက်တော့ မဟုတ်ဘူး အသေထွက် ဖြစ်ဖို့ကများတယ်လေ။ ဘာလို့လဲဆို အခုအစ်မတို့ မြို့မှာ ရပ်ရွာကာကွယ်ဖို့ဆိုပြီး ပြည်သူစစ်တွေဖွဲ့တယ်လေ၊ သိပ်မကြာသေးဘူး ရှေ့တန်းတွေ ပို့လို့ သေတဲ့သူက သေကုန်ပြီ၊ ဆေးရုံတင်ထားရတဲ့သူတွေလည်းရှိတယ်၊ ဘယ်လိုလုပ်အစ်မတို့ မောင်တွေ၊ ညီမတွေထည့်ရဲတော့မှာလဲ”ဟု ၎င်းက ဆိုသည်။
ထို့အတူ မိုးညိုမြို့နယ်တွင်လည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအချို့က ဆင်းရဲနွမ်းပါးသည့် မိသားစုအချို့ကို လစာငွေကြေး၊ လုပ်ပိုင်ခွင့်များဖြင့် မက်လုံးပေးကာ စစ်မှုထမ်းရန်စည်းရုံးနေကြောင်း အသက် ၅၀ အရွယ်ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။
“ကျွန်တော်တို့ဆီမှာတော့ စာစောင်တွေဝေတယ်မကြားမိသေးဘူး။ တချို့အုပ်ချုပ်ရေးမှုးတွေကတော့ အခုကာလ စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုတွေခေါ်ပြီး ခင်ဗျားတို့သား စစ်မှုထမ်းခိုင်းရင် လာစာ ၅ သိန်းလောက်ရမှာတဲ့၊ ခင်ဗျားတို့လည်းဂုဏ်ရှိမှာ၊ ကျန်ခဲ့တဲ့မိသားစုလည်းရွာကငွေစုပေးမှာ၊ စစ်မှုထမ်းပြန်လာရင်လည်း ပွဲလုပ်ပြီးကြိုဆိုမှာဆိုပြီး စည်းရုံးနေတယ်”ဟု အထက်ပါအမျိုးသားက ဆိုသည်။
စစ်ရေးအရ၊ နိုင်ငံရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ ပြုမူပြောဆိုဆောင်ရွက်မှုများအပေါ် ပြည်သူလူထုက အယုံအကြည်မရှိတော့သည်မှာ သိသာထင်ရှားနေကြောင်း သာယာဝတီမြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။
“ဒီကောင်တွေ အာဏာသိမ်းပြီးကတည်းက ပြောခဲ့တဲ့စကားတိုင်း လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းက ဘယ်ပြည်သူတစ်ဦးတစ်ယောက်အပေါ်မှ စိတ်စေတနာအပြည့်နဲ့ဆောင်ရွက်ခဲ့တာမရှိဘူး။ အလိမ်အညာ၊ ကလိမ်ကကျစ်လုပ်ရပ်တွေချည်းဖြစ်တယ်ဆိုတာ ပြည်သူတွေကသိကုန်ပြီ၊ ဒီတော့သူတို့ဘယ်လိုပဲလိမ်ညာစည်းရုံးစည်းရုံး ပြည်သူလူထုက ရတဲ့နည်းလမ်းနဲ့ စစ်ကောင်စီဘက်ကမရပ်တည်ဘဲ ဆန့်ကျင်ကြဖို့လိုအပ်တယ်”ဟု ၎င်းက တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာများမှ စုဆောင်းထားသည့် ပြည်သူ့စစ်များကို တိုက်ပွဲအတွင်းသို့ခေါ်ဆောင်လာခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။