စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပြီး Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။၊
ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနောက်ဘက်၊ ဇေတီကျုံကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၁၀ နာရီအချိန်က အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေစဉ် မုံရွာ နမခ က လေကြောင်းအသုံးပြုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA ကို ပြောသည်။
“ စစ်ကြောင်းက ဒီနေ့မနက် မြကုန်းအနောက်ဘက် ဇေတီယျုံရွာနားမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတာ။ တိုက်ပွဲက သာမန်ဖြစ်တာဆိုပေမယ့် ဖြစ်နေတုန်းသိပ်မကြာဘူး။ Mi 35 နဲ့လာပစ်တာဗျ ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည့်အပြင် ဇေတီယျုံကျေးရွာရှိ ပြည်သူပိုင်နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းပါ ပျက်စီးခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ ကျသွားတဲ့ရဲဘော်က စစ်ကြောင်းက လက်နက်ကြီးကောင်တာပြန်တော့ လက်နက်ကြီးစ ဦးခေါင်းကိုထိပြီး ကျသွားတာပါဗျ။ လေကြောင်းပစ်တာက မိနစ် ၄၀ လောက်ကြာတယ်။ တိုက်ပွဲဖြစ်တဲ့ ဇေတီယျုံအနောက်ဘက် ၂ မိုင်အကွာမှာ ကုက္ကိုကုန်းရွာဆိုတာရှိတယ်။သူတို့က စစ်ကြောင်း ဆုတ်လို့ရအောင် ကာဗာပေးတဲ့ပုံစံမျိုးဗျ၊ အဲဒီကို စစ်ကြောင်းသွားလို့ရအောင်” ဟု ၎င်းကရှင်းပြသည်။
ပုလဲမြို့ပေါ်မှ စစ်ကောင်စီတပ်သားများသည် ပုလဲမြို့နှင့် ၂ မိုင်ဝန်းကျင်ကွာဝေးသည့် ကျေးရွာများသို့ ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးလျက်ရှိနေသောကြောင့် ပြည်သူများ ပဲရိတ်သိမ်းရန် အခက်ကြုံနေရကြောင်း ပုလဲမြို့နယ်၊ လူသားစာနာဝာာဝန်ခံက ပြောသည်။
“ အခု ရှောင်ရတာက ပုလဲမြို့နဲ့အနီးတဝိုက်ကရွာတွေပေါ့။ စစ်ကြောင်းက ခဏခဏလာတယ်။ ပြည်သူတွေလည်း ခဏခဏပြေးရတယ်။ ကျွန်တော်တို့လဲ ကျွေးမွေးတယ်ဆိုပေမယ့် လုံလုံလောက်လောက်မကျွေးနိုင်ဘူး။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါဗျ။ အခုက ပဲသိမ်းချိန်ရောက်နေပေမယ့် ထွက်ပြေးနေရတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါစစ်ကြောင်းကြောင့် မြကုန်း၊ စေတီယျုံ၊ နွယ်ရှောက်၊ ကုက္ကိုကုန်း၊ လက်ပုကန်၊ စေတီယျုံ၊ ကြောင်သန်းစသည့်ကျေးရွာများမှ ပြည်သူ ၃၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။