ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်၊ ည ၈ နာရီအချိန်က လူငယ် ၁၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ငွေကျပ် ၃ သိန်းစီတောင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ စုပေါင်းရပ်ကွက်အနီးတွင် လူငယ်များလမ်းပေါ်သွားလာနေစဥ် စစ်ကောင်စီလှည့်ကင်းကား ရောက်ပြီးလာကာ သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူငယ်များ၏ မိသားစုများထံ အကြောင်းကြားကာ တစ်ဦးလျှင် ငွေကျပ် ၃ သိန်းဖြင့် ပြန်ရွေးရန်ပြောဆိုခဲ့ကြောင်း သိရသည်။
“ လွှတ်တော်ထဲက ကလေးတွေ၊ သူတို့ဘာသာလမ်းမှာ သွားနေတာကို လူစုစုလုပ်တယ်ဆိုပြီး ခေါ်သွားတာ” အဆိုပါဖြစ်စဥ်အားသိရှိသူ အငှားယာဥ်မောင်း တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ် ၁၃ ဦးအနက် နှစ်ဦးကို ၎င်းတို့တောင်းသည့် ငွေမပေးနိုင်သဖြင့် ဆက်လက်ဖမ်းဆီးထားပြီး ငွေကျပ် ၃ သိန်းပေးသူများကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏ မိတ်ဆွေက ဆိုသည်။
“ နှစ်ယောက်ကတော့ သုံးသိန်းမရှိလို့တောင်းပန်တာကို မပေးနိုင်ရင် ခေါ်ထားလိုက်ဆိုပြီး ပြောတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား အတည်ပြုကြောင်း ကြေညာပြီးနောက် တစ်ပတ်အတွင်း ရန်ကုန်၊ ဧရာ၀တီ၊ စစ်ကိုင်း၊ မန္တလေး စသည့် ဒေသများမှ လူငယ် ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာ ဖမ်းဆီးခဲ့သူများထံမှ ငွေကျပ် သိန်းနှင့်ချီတောင်းခံ၍ စီးပွားရှာနေကြကြောင်း ဒေသခံများက ဆိုသည်။