စစ်ကိုင်းတိုင်း၊ ပုလဲ မြို့ပေါ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်စိုးသဖြင့် မြို့ပတ်ပတ်လည်အား စစ်ကြောင်း ထိုးလျက်ရှိ ကြောင်း သိရသည်။
ယခုလတစ်လလုံး ပုလဲမြို့ပတ်ပတ်လည်ကို စစ်ကြောင်းထိုးကာ ရိက္ခာများ လုယက် နေကြောင်း ပုလဲဒေသခံအချို့ထံက သိရသည်။
“ ခု ဖေဖော်ဝါရီလ တစ်လလုံး ကတော့ ပုလဲ ကနေ မြို့ပတ်ပတ်လည် ကို စစ်ကြောင်း ပတ်ထိုးနေတာပါ။ တရွာ ၀င်ထိုးလိုက်၊ ရိက္ခာ ယူသွားလိုက်၊ ပြီးတော့ မြို့ထဲ ပြန်၀င်သွားလိုက် ပါပဲ ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း- ၁၀ တာ၀န်ခံ ရဲဘော် ပေ က ပြောသည်။
ယခုလအတွင်း ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက် မှ စ၍ ပုလဲ မြို့ပေါ်မှ စစ်သားများသည် မြို့၏ အနောက်ဘက်သို့ စစ်ကြောင်းထိုးနေကြောင်းသိရသည်။
“ အဓိက မြို့နားကို တော်လှန်ရေး အဖွဲ့တွေ မကပ်နိုင်အောင် လုပ်နေတာ ရယ်။ နောက်ပြီး မြို့ပေါ်မှာ စာမေးပွဲဖြေနေတာ ရှိတယ် ။အဲဒါကြောင့် ထွက်တာလို့လည်း ပြောကြတယ်။ ဘာကြောင့်ပဲ ထွက်ထွက် တွေ့သမျှ ရိက္ခာ တွေ ခိုးလု သယ်ယူနေတာပါပဲ” ဟု ရဲဘော် ပေ က ပြောသည်။
ပုလဲမြို့တွင်းမှ စစ်သားများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့၌ မြို့ပတ်လည်သို့ စစ်ကြောင်း ထိုးခဲ့ရာ ပုလဲမြို့၏ အနောက်ဘက် ရှိ မြကုန်း၊ ဇော်ချမ်းကုန်း၊ ကုက္ကိုလ်ကုန်းအပါအ၀င် ကျေးရွာ ၅ ရွာ နှင့် အထက်မှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသေးသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ ပုလဲမြို့ထဲသို့ ပြန်လည် ၀င်ရောက်သွားပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ ဒုတိယ အကြိမ် အဖြစ် ထပ်မံ စစ်ကြောင်း ထိုးလာခြင်း ဖြစ်သည်။
ယင်းသို့ စစ်ကြောင်း ထိုးနေသောကြောင့် လက်ရှိတွင် ပုလဲမြို့ အနောက်ဘက် မှ မြကုန်း၊ ဇောင်ချမ်းကုန်း၊ ကုက္ကိုလ်ကုန်း၊ စေတီရုံ အပါအ၀င် ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၂၀၀၀ နီးပါးမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ စစ်ရှောင် ရတာကတော့ စစ်ကြောင်းက ဒီရွာ ရောက်ရင် ဟိုရွာရွှေ့ပေါ့။ ဒီလိုပဲ နီးစပ်ရာ ရွာကို ပြောင်းရွှေ့နေရတာပါ့။ ရိက္ခာ ကလည်း ရောက်တဲ့ ရွာက တာ၀န်ရှိတဲ့ သူတွေနဲ့ ရွာက ပြည်သူတွေ စုပေါင်းပြီး ကျွေးမွေးရတာပေါ့” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာ၀န်ခံ ဦးဇော်ထက်က ပြောသည်။
စစ်သားအင်အား ၇၀ကျော် ရှိသော ယင်းစစ်ကြောင်းသည် ဖေဖေါ်ဝါရီ၁၈ရက်က ကုက္ကိုလ်ကုန်းကျေးရွာတွင် ညအိပ်ပြီး ယနေ့( ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၈နာရီခန့်တွင် စေတီရုံ ကျေးရွာ အတွင်းသို့ ပြန်လည် ၀င်ရောက်ခဲ့ကာ ယနေ့ညအထိ စေတီရုံရွာ၌ ရှိနေသေးကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ဖေဖေါ်ဝါရီ၁၈ရက်တွင် စေတီရုံရွာအနီး၌ ဒေသခံ PDF တပ်ဖွဲ့တို့၏ တိုက်ခိုက်ခြင်းခံရပြီးနောက် Mi 35 ရဟတ်ယဉ် ဖြင့် ၄၅ မိနစ်ခန့်ကြာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စခ တွေ ထိခိုက်မှုအခြေအနေကို မပြောနိုင်သေးပေမဲ့ အထိနာလို့ လေကြောင်းပစ်ကူ ပေးတာက သေချာတယ်” ဟု ဒေသခံLPDF ရဲဘော်တစ်ဦးကပြောသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ကုက္ကိုလ်ကုန်းကျေးရွာမှ နေအိမ် တစ်လုံး မီးလောင် ပျက်စီးခဲ့ ပြီးကုက္ကိုလ်ကုန်းရွာဘုန်းကြီးကျောင်းလည်း ထိခိုက် ပျက်စီး ခဲ့ကြောင်း သိရသည်။