ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄ ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၄၀ ခန့်သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း – ၃၈၀၂ တပ်ခွဲ ၅ က ယနေ့သတင်းထုတ်ပြန်သည်။
ပဲခူးရိုးမအတွင်းသို့ ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် အင်အား ၄၀ ခန့်ဖြင့် ကနဦးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၈ ပေါက် ဖုန်းတက်ကြီး အဆင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“နာရီဝက်လောက်တော့ကြာမယ်၊ သူတို့ စစ်ကူအဖွဲ့ကဟိုင်းရူးလမ်းပေါက်ကနေ လက်နက်ကြီးနဲ့ ပစ်နေလို့ ကျွန်တော်တို့ပြန်ဆုတ်လာရတယ်၊ စကစသေဆုံးမှုကတော့ ကျွန်တော်တို့ကိုယ်တိုင်တွေ့ခဲ့ရတာပါ” ဟု တပ်ခွဲ ၅ တပ်ခွဲမှူး ကိုတိမ်တိုက်က MPA ကိုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း သေဆုံးသွားသည့် အလောင်းများနှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီက ဖောကားဖြင့် လာရောက်သယ်ဆောင်ကြောင်း သတင်းရသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“ ကားပါမှောက်သွားတယ်၊ အဲဒီမှာလည်း ၁၀ ယောက်လောက်အနည်းဆုံးသေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ ကျန်တဲ့သူတွေကတော့ထွက်ပြေးသွားကြတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့တောက်လျှောက်ပစ်ပေးနေလို့ ကျွန်တော်တို့လက်နက်တွေမယူခဲ့နိုင်ဘူး။ ဖောကားတော့ အခုမနက်ထိလာမယူသေးဘူး” ဟု တပ်ခွဲမှူးကိုတိမ်တိုက်က ဆက်လက်ပြောသည်။
အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ကူပေးရန် ဟိုင်းရူးလမ်းဆုံမှ ခါချဉ်တောင်ပေါ်သို့ တက်လာသည့် စစ်ကြောင်းနှင့် ညနေ ၃ နာရီအချိန်၌ ပတ်ကွေ့ကြီးအဆင်းတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ခွဲ ၅ ကပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေက ဆိုသည်။
“မိုင်းကွင်းထဲရောက်လာတော့ ကျွန်တော်တို့ထပ်ပြီးမိုင်းဆွဲတာ၊ သူတို့ဘက်ကလည်းပြန်ပစ်တယ်၊ လက်နက်ကြီးရော လက်နက်ငယ်ရော၊ မိနစ် ၄၀ လောက်တော့ကြာမယ်။ အဲဒီပွဲမှာလည်း ဒီကောင်တွေ ၅ ယောက်သေတယ်၊ ကျွန်တော်တို့ ရဲဘော် ၁ ယောက် ကျသွားတယ်၊ အဲဒါကြောင့်ကျွန်တော်တို့ပြန်ဆုတ်လာရတာ”ဟု ၎င်းက ပြောသည်။
ထို့ပြင် ခါချဉ်တောင်ပေါ်သို့ အုတ်ဖိုဘက်မှ အင်အား ၃၅ ဦးဖြင့် စစ်ကြောင်းထပ်မံထိုးလာသောကြောင့် ဧက ၁၀၀ စိုက်ခင်းအနီး ကတ္တရာလမ်းမပေါ်တွင် စောင့်ကြိုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ၃၈၀၂ တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ပြောသည်။
“ညဘက်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ထပ်လာသေးတယ်၊ ကျွန်တော်တို့လည်းမိုးချုပ်နေတော့ တိုက်ပွဲထပ်ဖော်လို့မရတော့ဘူး။ ကား ၂ စီးနဲ့အလောင်းတွေ၊ ဒဏ်ရာရတဲ့သူတွေပြန်သယ်သွားကြတယ်၊ အလောင်းတွေကခလရ ၁ ထဲသယ်သွားတယ်ကြားတယ်၊ ဒဏ်ရာရတဲ့သူတွေကတော့ အုတ်ဖိုဆေးရုံပို့တယ်ကြားတယ်”ဟု ရဲဘော်ဇော်ကြီးက ဆိုသည်။
တစ်ရက်တာတိုက်ပွဲများအတွင်း သေဆုံးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မင်းလှအခြေစိုက် ခလရ ၁ နှင့် ပြည် ကပစ က စစ်သားများပြင် ပြည်သူ့စစ်များ၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံထားရသော ပြည်သူအချို့လည်း ပါရှိကြောင်း သိရသည်။