မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ ထွက်ခွာလာသော ခရီးသွားများတွင် ကျောက်မျက်ရတနာ ပါလာလျှင် စစ်တပ်က ဒဏ်ငွေဆောင်ခိုင်းနေကြောင်း သိရသည်။
မိုးကုတ်-မန္တလေးကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် မိုးကုတ်မှထွက်ခွာလာသော ခရီးသွားများထံ ကျောက်မျက်ရတနာနှင့်ကျောက်ကြည့်ဓာတ်မီးပါ၊မပါ စစ်ဆေးနေပြီး ပါလာပါက ဒဏ်ငွေဟုဆိုကာ ငွေညှစ်နေကြောင်း မိုးကုတ်မြို့ခံအချို့ထံက သိရသည်။
“ ကျောက်ပါရင်၊ ဘာကျောက်ဖြစ်ဖြစ်၊တန်ကြေးမရှိတဲ့ကျောက်ဆိုရင်လည်း သူတို့က ပိုက်ဆံတောင်းတယ်။ ကျောက်ပါလို့ ဒဏ်ငွေဆောင်ရမယ်တဲ့။ခရီးသည်တစ်ယောက်ဆိုရင် နီလာလေး နည်းနည်းပါတာကို သူတို့က တစ်သိန်းခွဲအထိတောင်းတယ်။မိုးကုတ်ကခရီးသည်ပြောရင် သူတို့က ကျောက်ပါ၊မပါစစ်ပြီ” ဟု ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။
ယင်းသို့ စစ်ဆေးငွေညှစ်နေခြင်းကြောင့် ကျောက်များသယ်ဆောင်ရန်နှင့် အရောင်းအဝယ်ပြုလုပ်ရန် အခက်အခဲရှိလာကြောင်း မိုးကုတ်ကျောက်ကုန်သည်တစ်ဦးကပြောသည်။
“ အရင်တစ်ခါခရီးသွားတော့ ကျောက်ကြည့်ဓာတ်မီးပါသွားတာ။မိုးကုတ်က ကျောက်ကြည့်ဓာတ်မီးသုံးတာများတယ်လေ။လမ်းရောက်တော့ သူတို့(စစ်သား)တွေ့သွားရော။ ဘာလို့ယူလာတာလဲ ။လိုင်စင်ရှိမှကိုင်လို့ရမှာ၊နားမလည်ဘူးလား။ဒါကဖောက်ခွဲရေးပစ္စည်းဆိုပြီး သိမ်းသွားတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်တစ်ပတ်ခန့်က မိုးကုတ်-မန္တလေး ကားလမ်းပေါ် ကျောက်ကြည့်ဓာတ်မီးတွေ့ရှိသည့် ခရီး သည်တစ်ဦးကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ စစ်တပ်က ငွေညှစ်ခဲ့သေးကြောင်း မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
“တမင်အကြောင်းရှာပြီး ခြိမ်းခြောက်ငွေညှစ်တာ။ ဖမ်းမယ်၊နေခဲ့ ဆိုပြီး လုပ်နေလို့ ကားဆရာကပါ တောင်းပန်ပြီး ဝင်ညှိပေးလို့ ၂သိန်းပေးမှ လွှတ်ပေးတယ်” ဟု ၎င်းကပြောသည်။
မိုးကုတ်-မန္တလေး လမ်းပေါ်ရှိ ဂိတ်စောင့်စစ်သားများမှာ ခရီးသည်များကို အကြောင်းအမျိုးမျိုးရှာကာ ငွေညှစ်နေသောကြောင့် ခရီးသွားများအနေနှင့် မည်သည့်ပစ္စည်းမျှ မယူလာသည်မှာ အကောင်းဆုံး ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။