မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာသာရွာမှ အမျိုးသားတစ်ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်သွားကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၈ရက်၊ မွန်းလွဲ ၂နာရီဝန်းကျင်က မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီတပ်သည် 4 Wheel ကား ၃စီးနှင့် ဖောကား ၁စီးတို့ဖြင့် ရွာသာရွာသို့ ဝင်ရောက်လာကာ ရွာသားတစ်ဦးဖြစ်သူ ကိုအောင်ဝင်း(အသက်၃၀)အား သတ်ဖြတ်သွားကြောင်းဒေသခံအချို့ထံကသိရသည်။
“ ပြည်သူတွေက ကြောက်လန့်တကြားပြေးကြတယ်။ အဲ့မှာပြေးရင်းလွှားရင်းနဲ့ ပိတ်မိတဲ့ပြည်သူတွေလည်းရှိတယ်။ သူက စစ်တပ်နဲ့တိုးပြီး လက်ရအဖမ်းခံလိုက်ရတယ်။ အဲ့မှာ ရွာတောင်ဘက်မှာ သူ့(ကိုအောင်ဝင်း)ကို ကြိုးတုပ်ညှင်းပန်းနှိပ်စက်တယ်။ ပြီးမှ ပစ်သတ်သွားတယ်” ဟု ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။
ယင်းစစ်ကြောင်းသည် ရွာထဲသို့ ပေါ်တာဆွဲရန် ဝင်ရောက်လာခြင်းဟု ဒေသခံများက ယူဆကာ ထွက်ပြေးတိမ်းရှောင်ကြစဉ် ကိုအောင်ဝင်းသည် စစ်ကောင်စီတပ်နှင့် တိုး၍ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
“ စစ်မှုမထမ်းမနေရပြဌာန်းပြီးတဲ့နောက် ဒီဘက်မှာ ပေါ်တာဆွဲတာတွေ တွေ့ရတယ်။ ခုကလည်း ပေါ်တာဆွဲမဲ့အနေအထားပေါ့။ စစ်ကြောင်းထိုးတာတော့မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် ပြည်သူအများအပြားရှိသော်လည်း ယင်းစစ်ကြောင်း ရွာထဲမှ ပြန်လည်ထွက်ခွာချိန်၌ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ပါတော့မသွားဘူး။ ပြန်လွှတ်ပြီးထားခဲ့တာ။ လူဦးရေတော့များတယ်” ဟု၎င်းကပြောသည်။
ရွာသာရွာမှ စစ်ကြောင်း ပြန်လည်ထွက်လာသည့် ညနေ ၄နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၁ဖွဲ့က ရွာအနောက်ဘက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ပြည်ချစ်သားပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင်ကပြောသည်။
“ ထိခိုက်မှုမရှိဘူး။ လွတ်သွားတယ်လို့ကြားရတယ်” ဟု ၎င်းကပြောသည်။”
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကား ၄စီးအနက် ၂စီးမှာ ကုက္ကဲရဲစခန်းသို့ဝင်ရောက်သွားပြီး ကျန် ၂စီးမှာ မြင်းခြံမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။