စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်မော်ရွာသား ၂ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး၍ နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊ ချပ်သင်းတိုက်နယ်ကို အင်အား၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၅ရက်တွင် တင်မော်ရွာသို့ ဝင်ရောက်ကာ ရွာသွား၂ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Infinity Group မှ ကိုအနန္တက MPA ကို ပြောသည်။
” စစ်ကြောင်းက ကန့်ဘလူနယ်က ပျူတွေနဲ့ ခမရ ၃၅၁ က စစ်သားတွေဗျ၊ ကန့်ဘလူနယ်ထဲ ပတ်ထိုးနေတာ၊ သတ်ခံရတဲ့ရွာသား ၂ဦးမှာ ၁ဦးက ကျန်းမာရေးမကောင်းလို့ မရှောင်နိုင်တာဗျ၊ ၁ဦးကတော့ ရှောင်ရင်မိတာလား ဘယ်လိုလဲ သေချာမသိရဘူး “ ဟု ၎င်းကပြောသည်။
အသတ်ခံရသည့် ပြည်သူများမှာ ကျန်းမာရေးချို့တဲ့သူ ဦးရဲရွှေ ( အသက် ၇၀ ) နှင့် ကိုမောင်ချို ( အသက် ၃၅ နှစ် ) တို့ ဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၆ရက်တွင် တင်မော်ရွာမှ ထွက်သွားပြီးနောက် တိမ်းရှောင်နေသည့် ဒေသခံများ ရွာထဲသို့ အပြန်အဝင်တွင် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းနှစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကိုအနန္တက ရှင်းပြသည်။
” တစ်ယောက်ကို လည်ပင်းကိုကြိုးနဲ့တုပ်ပြီး ဓားနဲ့ ၅ချက်လောက် ထိုးပြီးသတ်တာ၊ နောက်တစ်ယောက်က ခေါင်းတွေ ခြေတွေ လက်တွေ အကုန်ဖြတ်ပြီးသတ်တာ၊ ဗိုက်ခွဲထားပြီး အူတွေ ကလီစာတွေက အကုန်အပြင်မှာဗျ ” ဟု ကိုအနန္တက ပြောသည်။
ယင်းစစ်ကြောင်းသည် ချပ်သင်းတိုက်နယ်ထဲတွင် ဆက်လက်စစ်ကြောင်းထိုးနေလျက်ရှိရာ ကျေးရွာ ၂၀ခန့်မှ လူဦးရေ ၂သောင်းထက်မနည်း စစ်ရှောင်နေရကြောင်း စစ်ရှောင်ကူညီပေးနေသူ တစ်ဦးကပြောသည်။
” စစ်ကြောင်းက ဒီနေ့နဲ့ဆို ချပ်သင်းတိုက်နယ်ထဲမှာ ၉ရက်ရှိပြီဗျ၊ အဓိကက အခြေခံစားသောက်ကုန်တွေ လိုအပ်နေတာပါ၊ ဟင်းသီးဟင်းရွက်တို့ဘာတို့ပေါ့ စစ်ရှောင်တဲ့နေရာကို ဈေးသည်တွေ မလာနိုင်တော့ ဒါတွေ အခက်တွေ့နေတယ် ” ဟု ၎င်းကရှင်းပြသည်။
ယင်းစစ်ကြောင်းသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း အင်ငုတ္တိုရွာသား ၂ ဦးသတ်ခဲ့သေးသည်။