ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံကျေးရွာနှင့် ထီယမ်းကျေးရွာသို့ ယမန်နေ့(ဖေဖော်ဝါရီ ၁၇ရက်)၊ ည ၁၀နာရီခန့်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် ၂ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထမ်းယံကျေးရွာရှိ ၆လသားအရွယ် ကလေးငယ်သေဆုံးခဲ့ပြီး မိဘနှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ဆိုက်ခေါင်ကနေပစ်လာတာ၊ တိုက်ပွဲမဖြစ်ဘဲ ည ၁၀နာရီလောက်မှာပစ်တာ၊ အချက် ၂၀ လောက်ရှိတယ်။ အိမ်လည်း အများထိသွားတယ်လို့ ပြောတယ်”ဟု ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ ထီတမ်ကျေးရွာတွင်လည်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
“အဲဒီရွာမှာ ကျွတော်တို့ PNLA/PNLO တပ်ကမရှိဘူး။ တပ်စွဲထားတာလည်းမရှိဘူးဗျ၊ စစ်ကောင်စီက တမင်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဝာာ”ဟု PLNO ၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက MPA ကိုပြောသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၇ရက်၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် မဲနယ်တောင်ဒေသ ကျောက္ကာဆျား၊ လုံးဟီး၊ စငေါ ကျေးရွာများသို့ လက်နက်ကြီး အချက်ပေါင်း ၁၀၀ကျော်ပစ်ခတ်ခဲ့ကြောင်း PNLA/PNLOက ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ရက်မှ စတင်ကာ ဖေဖော်ဝါရီ ၁၇ရက်အထိ ဆီဆိုင်မြို့သို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ၆လသားအရွယ် ကလေးငယ် အပါအဝင် ၅ဦးသေဆုံးခဲ့ပြီး ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။