စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးရွာတို့မှ ပြည်သူ ၂၃ဦး ထွက်ပြေးလွတ်မြောက်လာ ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၆ရက်တွင် ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူစောထီးရွာနေ ပြည်သူ ၇ ဦးနှင့် ဖေဖော်ဝါရီ၁၇ ရက်တွင် အင်မထီးပျူစောထီးရွာနေ ပြည်သူ ၁၆ ဦးတို့ ထွက်ပြေးလာကာ ပုလဲမြို့နယ်ပြည်သူ့အုပ် ချုပ် ရေးအဖွဲ့ထံ ခိုလှုံလာခြင်းဖြစ်သည်။
“ ပျုရွာတွေကနေ အခုတလော အလင်းဝင်လာကြတာ ပိုများလာနေတယ်။ ဒီရက်ပိုင်း ၂ရက်အတွင်းမှာ လူကြီး၊လူငယ် ၊ကလေးတွေကစ ပါဝင်လာပါတယ်” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က MPA သို့ပြောသည်။
အလင်းဝင်လာသူများကို စစ်ဆေးမေးမြန်းပြီးနောက် စစ်အုပ်စုဝင်တို့နှင့် ပတ်သက်ဆက်သွယ်ခြင်း၊သူလျှိုဒလန်ပြုလုပ်ခြင်းနှင့်တော်လှန်ရေးအင်အားစုများကို ထိခိုက်နစ်နာစေမည့်အပြုအမူအပြောအဆိုတို့ မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေ၍ အေးချမ်းစွာ နေထိုင်ရန် သတိပေးမှာကြားခဲ့ကြောင်း ပုလဲပအဖက ထုတ်ပြန်ထားသည်။
“ ကျနော်တို့က ကောင်းကောင်းမွန်မွန်ထားပါတယ်။ ပျုရွာတွေကနေ အာဏာသိမ်းချိန်ကတည်းက တော်လှန်ရေးလုပ်ပြီး ဒီဘက်မှာနေကြတဲ့သူတွေကိုလည်း ရပ်ကျေး ပအဖတွေ ခန့်ထားတယ်။ သူတို့ကနေ အခု ပျုရွာကထွက်လာတဲ့သူတွေကို စောင့်ရှောက်ပေးထားတယ်။ ဒီဘက်ရောက်လာတော့ အဆင်ပြေကြပါတယ်” ဟု ပုလဲမြို့နယ်လူသားစာနာတာဝန်ခံက ဆိုသည်။
ခိုလှုံခွင့်တောင်းခံလာသူများသည်ပျူစောထီးရွာများတွင် နေထိုင်ခဲ့စဉ်က လက်နက်ကိုင်ဆောင်ကာ တိုက်ပွဲများ၌ ဝင်ရောက်တိုက်ခိုက်ခြင်းတို့ မလုပ်ခဲ့ကြောင်း ရံဖန်ရံခါ စစ်ကောင်စီစစ်ကြောင်းထိုးချိန်တွင် စစ်ကြောင်းနှင့်အတူ လိုက်ပါ၍လုယက်ထားသော ပြည်သူတို့၏ စားနပ်ရိက္ခာများကို လှည်းဖြင့် သယ်ဆောင်ရမှု ရှိကြောင်း သိရသည်။
ခိုလှုံလာသူများကို ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ငွေနှင့် မိုးကာတို့ ပေးအပ်ခဲ့ ကြောင်းသိရသည်။