စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးပျုရွာမှ ထွက်ပြေးလာသည့် ပြည်သူများနေထိုင်ရာ စစ်ရှောင်တောတိုက်(လယ်ကွင်းများ၌ တဲများဖြင့် နေထိုင်သည့်နေရာ)ကို မြင်းစီးပျုရွာမှ ပျုစောထီးများ ဖမ်းဆီးခဲ့သည့် စစ်ရှောင်သုံးဦး၏ အလောင်းများကို ပြန်လည်ရှာတွေ့ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက်၊ ည ၁၂နာရီခန့်က ယင်းစစ်ရှောင်တောတိုက်ကို ပျူစောထီးများ ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ ၆ ဦးကိုဖမ်းဆီးခဲ့ကာ ခြောက်ဦးလုံးအားသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခြောက်ဦးအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးမိခင်နှင့် ကလေးငယ်တစ်ဦးကို ဖေဖော်ဝါရီ ၁၆ရက်မနက်ပိုင်း၌ အလောင်းများရှာဖွေတွေ့ရှိခဲ့ပြီး၊ ကျန်သုံးဦး၏ အလောင်းကို ယင်းနေ့ ညနေပိုင်းတွင် မြင်းစီးပျူရွာတောင်ဘက်၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
” မနေ့က ပြန်တွေ့တယ်။ G3 ကျည်နဲ့ပစ်သတ်သွားတာပါ၊ သတ်သွားတဲ့ပျုတွေနဲ့ အသတ်ခံရတဲ့ပြည်သူတွေက အရင်က အကုန်တစ်ရွာထဲ မြင်းစီးရွာသားတွေပါပဲဗျာ၊ တစ်မိသားစုလုံး အဖမ်းခံရတာတာ စုစုပေါင်း ခြောက်ဦး၊ အစတုန်းက သုံးဦးသေတာပဲအတည်ပြုနိုင်ခဲ့တာ၊ သူတို့က ကလေးမိခင်နဲ့ ကလေးရယ်၊ ကိုယ်ဝန်ဆောင်မိခင်ရယ်ပါ၊ သုံးဦးကပျောက်နေတော့ ကျတော်တို့ တောက်လျှောက်လိုက်ရှာတာ မနေ့မနက်ပိုင်းကမှ ပြန်တွေ့တယ် ” ဟု ၎င်းကပြောသည်။
သတ်ဖြတ်ခံရသည့် ပြည်သူ၆ဦးမှာ အသက် ၆၅ နှစ်အရွယ် ဒေါ်ဆင့်ကြိုင် ၊အသက် ၆၀နှစ်အရွယ် ဦးလင်း နှင့် ဒေါ်မြင့်သန်း၊ အသက် ၃၅ နှစ်အရွယ် မစန်းလင်း ၊ ကိုယ်ဝန်ဆောင်မိခင် မချစ်စုအောင်နှင့် ၎င်း၏သားဖြစ်သူ အသက် ၃နှစ်အရွယ် မောင်ဇေသူအောင်တို့ဖြစ်သည်။
ယင်းပြည်သူများသည် တော်လှန်ရေးရဲဘော်တစ်ဦး၏ မိသားစုဝင်များ ဖြစ်သည့်အတွက် ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်အခြေစိုက် WAPF မှ ကိုပေဆူးက ရှင်းပြသည်။
” မြင်းစီးရွာကထွက်လာပြီး တော်လှန်ရေးလုပ်နေတဲ့ရဲဘော်ရဲ့ မိသားစုတွေပါ။ တူမတွေ ၊ အစ်မတွေပေါ့ ” ဟု ၎င်းကပြောသည်။
ရွှေဘိုမြို့နယ်၊ မြင်းစီးပျူရွာကို ယခင်က ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျူများပြန်လည်ဝင်ရောက်ပြီးနောက် အနီးအနားပတ်ဝန်းကျင်ရွာများကို စစ်ကြောင်းထိုးခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။