မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း ပန်းရန်လုပ်နေသူ ၄ဦး နှင့် လက်ဖက်ရည်ဆိုင်ထိုင်နေသူ ၂ဦးတို့ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၁၆ရက်က မိုးကုတ်မြို့နယ်၊ကျောက်ကြမ်းကျေးရွာ လမ်းမဘေး အိမ်တစ်လုံးတွင် ပန်းရန်လုပ်ကိုင်နေသူ လူငယ်အမျိုးသား ၄ ဦးနဲ့ မိုးကုတ်မြို့ကျပ်ပြင်ရပ်ကွက်အတွင်း လက်ဖက်ရည်ဆိုင်မှာထိုင်နေသူ လူငယ် အမျိုးသား ၂ ဦးတို့ ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံကသိရသည်။
“ မနေ့ကဆိုရင် ပန်းရန်လုပ်နေတဲ့သူတွေကို ဒီအတိုင်းလိုက်ခဲ့ဆိုပြီးခေါ်သွားတာ။ အမျိုးသားတွေပဲ၊၊ အသက်ကတော့ ၂၀ကနေ ၃၅ နှစ်ကြားတွေပဲ။ ဘယ်ခေါ်သွားသလဲတော့မသိရဘူး” ဟု ကျောက်ကြမ်းရွာဖြစ်စဥ်ကိုသိရှိသူ ဒေသခံတစ်ဦးကပြောသည်။
မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ရပ်ကွက်ရှိလက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် လူအများထဲမှ လူငယ်နှစ်ဦးကို စစ်တပ်က ရွေးချယ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ ဆိုင်ထဲမှာသူတို့အပြင် ထိုင်နေတဲ့လူငယ်တွေရှိတယ်။မခေါ်ဘူး။ ဆိုင်အပြင်နား ခုံမှာထိုင်နေတဲ့သူတို့ ၂ ယောက်ကိုပဲ ကားနဲ့လာခေါ်သွားတာ။ဘာမှမပြောဘူး။လိုက်ခဲ့ဆိုပြီးတော့ ခေါ်သွားတာပဲ” ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသူများမှာ ယနေ့(ဖေဖေါ်ဝါရီ၁၇ရက်)ညနေပိုင်းအထိ ပြန်မလွတ်သေးသလို မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်းနှင့် ဖမ်းဆီးခံရသည့်အကြောင်းရင်းကိုလည်း မသိရသေးပေ။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် မိုးကုတ်မြို့ ရပ်ကွက်အချို့တွင် တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်ဆေးမှု ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
“ လူမရှိတဲ့အိမ်တွေဆိုရင် သူတို့(စစ်သား)အော်လည်းဘယ်သူမှလာမဖွင့်ဘူး ဆိုတော့သူတို့အရမ်း ဒေါသထွက်တယ်။တံခါးတွေကန်တယ်။ မဖွင့်ရင် ပြတင်းပေါက်တွေခွဲမယ်ဆိုပြီးအော်တာ။ လူရှိတဲ့အိမ်တွေဆိုရင် အိမ်ထောင်စုဇယားပြခိုင်းပြီး တစ်ယောက်ချင်းဘယ်သွားလဲမေးတယ်” ဟု မိုးကုတ်မြို့အရှေ့ပိုင်းနေ ဧည့်စာရင်းအစစ်ခံရသူတစ်ဦးကပြောသည်။
ဖေဖေါ်ဝါရီ၁၀ရက်တွင် စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် မိုးကုတ်မြို့ လမ်းဆုံအချို့၌ ဖြတ်သန်းသွားလာနေသော ပြည်သူများအား စစ်တပ်က စစ် ဆေးမှုများ ပြုလုပ်လာကြောင်း သိရသည်။