တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ စစ်ကောင်စီ စခန်းကုန်းကို ဒရုန်း ၃စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်း ကိုအေးစိုးအပါအဝင် သုံးဦးသေဆုံးပြီး ခြောက်ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ထား၀ယ်ခရိုင်အမှတ် ၂ တပ်ရင်း T5 Wings က ယမန်နေ့(ဖေဖော်ဝါရီ ၁၆ရက်)ကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ရက်၊ ညနေပိုင်းတွင် ကမ်းရိုးတန်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၈၀ နှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းကုန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု T5 Wings အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဲ့ဒီစခန်းမှာ အင်အား ၆၀ ဝန်းကျင်ရှိတယ်။ သေတာအတည်ပြုလို့ရတယ်။ တရားနာ၊ အသုဘချတာတွေပါတွေ့ရတယ် ” ဟု ၎င်းကပြောသည်။
ဒရုန်းဖြင့်တိုက်ခိုက်မှုသည် မိနစ် ၄၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရဲဘော်တစ်ဦးကပြောသည်။
“ ၄၀မမနဲ့ အီနာဂါ ဗုံးသီး ၁၀လုံးနဲ့တိုက်ခိုက်ခဲ့တာပါ၊ ပစ်မှတ်ကိုချခဲ့တာပါ” ဟု ၎င်းကပြောသည်။
အထက်ပါတိုက်ခိုက်မှုကို ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(T5-wings)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)နှင့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်နေ့တွင်လည်း ပဲဒက်စခန်းကုန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သေးသည်။