မုံရွာ၊ချောင်းဦးနှင့် စစ်ကိုင်းတွင် စစ်တပ်က ဖမ်းဆီးခဲ့သော လူငယ်၃၀၀ခန့် မှာ ပျောက်ဆုံးနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ရက်တွင် မုံရွာမြို့ပေါ်၌ လူငယ် ၁၀၀ခန့်ကို စစ်တပ်က ဖမ်းဆီးခဲ့သလို မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာနှင့် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းတို့၌ ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ကားများပေါ်မှ လူငယ် ၂၀၀ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့(ဖေဖေါ်ဝါရီ၁၇ရက်)အထိ ၎င်းတို့အားလုံး ပျောက်ဆုံးနေခြင်းဖြစ်သည်။
၎င်းဖမ်းဆီးခံလူငယ်များကို မည်သည့်နေရာသို့ ပို့ဆောင်ချုပ်နှောင်ထားကြောင်း မသိသလို ယနေ့အချိန်ထိလည်း ပြန်လည် လွတ်မြောက်လာသည့် သတင်းကို မကြားရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့တာဝန်ခံကပြောသည်။
ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာသည် မုံရွာ-မန္တလေးလမ်းပေါ်တွင် တည်ရှိပြီး စစ်တပ်အထိုင်ချထားကာ တပ်စခန်းသဖွယ်တည်ရှိနေကြောင်း ၎င်းကပြောသည်။
” မလွှတ်သေးဘူးဗျ။ အရင်ကလည်း နတ်ရေကန် ခဏခဏဖမ်းတာရှိတယ်။တစ်ခါဖမ်းလို့ရှိရင် တစ်ပတ်၊ ၁၀ရက်လောက်ကြာတယ်။ ဖမ်းပြီးရင် အတွင်းထဲမှာ လုပ်ငန်းတွေခိုင်းတယ်။ ထင်းပေါက်ခိုင်းတာ၊ ကျင်းတူးခိုင်းတာတွေ၊ အမှိုက်ကောက်ခိုင်းတာတွေ။ နောက်ထပ် ထပ်အဖမ်းခံရတဲ့သူတွေ မရောက်မချင်း ပြန်မလွှတ်ဘူး။ ထပ်အဖမ်းခံရတဲ့သူတွေရောက်မှ ရှေ့လူကိုလွှတ်ပြီး နောက်လူကိုခိုင်းတာ” ဟု ၎င်းကပြောသည်။
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်း၌ ဖမ်းဆီးခံထားရသည့် လူငယ်များ၏ အခြေအနေကိုလည်း မသိရသေးကြောင်း ၎င်းကပြောသည်။
” အဲ့ကဟာလည်း ပြန်လွှတ်တယ်မကြားမိသေးဘူး။ ၁၁ရက်နေ့မတိုင်ခင်ကတော့ အဆက်အသွယ်ကောင်းရင် ပိုက်ဆံ ၂သိန်း၊ ၃သိန်းလောက်ပေးရင် ပြန်လွှတ်ပေးခဲ့တာတွေရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁၁ရက်က မုံရွာမြို့ပေါ်တွင် စစ်တပ်က ဖမ်းဆီးခဲ့သော မြို့ခံ လူငယ် ၁၀၀ခန့် ကို မုံရွာ မြို့တော်ခန်းမ၌ ဖမ်းဆီးထားသည်ဟု ကြားရသော်လည်း အတည်မပြုနိုင်သေးကြောင်း မုံရွာမြို့ခံနှင့်နီးစပ်သူ တစ်ဦးထံက သိရသည်။
” မြို့ထဲမှာပဲဖမ်းထားတာ။ မြို့တော်ခန်းမမှာပဲထင်တယ်။ သေချာေတာ့မသိရဘူး။ ပြီးတော့ နေပြည်တော်ကို လေယာဉ်နဲ့ပို့နေတယ်ဆိုပြီးလည်း သတင်းတွေထွက်နေတယ်။ ဟုတ်၊မဟုတ်တော့ မသိသေးဘူး” ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၁၁ရက်က မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်က ဖမ်းဆီးမှုပြုလုပ်ပြီးနောက် ယင်းလမ်းပိုင်း အသုံးပြုမှုနည်းပါးသွားကာ လူငယ်များ ထပ်မံဖမ်းဆီးခံရသည်ဟု မကြားမိသေးကြောင်း မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းအနီးနေ ပြည်သူတစ်ဦးကပြောသည်။
” အမြဲသွားလာနေတဲ့ ကုန်ကားတွေ၊ မလွှဲမရှောင်သာ သွားနေရတဲ့ ခရီးသည်တင်ကားတွေပဲရှိတော့တာ။ သူတို့တောင် အဲ့လမ်းတွေကို ရှောင်လွှဲပြီးသွားနေကြတာရှိတယ်။ အရင်က ဆိုင်ကယ်တွေနဲ့ သွားကြလာကြတာတွေလည်းရှိတယ်လေ။ ခုတော့ အဲ့လိုမျိုးတွေလည်းမရှိတော့ဘူး” ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၁၆ရက်ကလည်း ရွှေဘိုမြို့၊ကိုးပင်ဂိတ်တွင် စစ်တပ်က ခရီးသည်တင်ယာဉ်များပေါ်မှ လူငယ် ၉၀ကျော်ကို ဖမ်းဆီးကာ အမှတ် ၈လေ့ကျင့်ရေး စုဆောင်းရေးတပ်သို့ ပို့ဆောင်ခဲ့ရာ ယနေ့ အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။